ခက်ခဲနိုင်မည့် အင်္ဂလန်နှင့် ပွဲစဉ်အတွက် ပြင်ဆင်နေကြောင်း ထုတ်ပြောလာတဲ့ ဂျာမနီနည်းပြ ဟန်ဆီဖလစ်ခ်
11:18 AM, 7 June
ဂျာမနီနည်းပြ ဟန်ဆီဖလစ်ခ်က အင်္ဂလန်အသင်း၏ အရည်အသွေးကို အသင်းသားများထံ အသိပေးထားသလို နေးရှင်းလိဂ်၏ ဂန္တဝင်မြောက်ပွဲစဉ်တစ်ခုအတွက်လည်း ပြင်ဆင်နေကြောင်း ပြောဆိုသည်။ ပြီးခဲ့တဲ့ စနေနေ့က နေးရှင်းလိဂ် အုပ်စုအဖွင့်ပွဲတွေအဖြစ် အင်္ဂလန်က ဟန်ဂေရီကို ရှုံးနိမ့်ခဲ့ပြီး ဂျာမနီနှင့် အီတလီတို့ပွဲစဉ်မှာမူ တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ ယနေ့ညပိုင်းတွင် ဂျာမနီက အင်္ဂလန်ကို မြူးနစ်၌ နေးရှင်းလိဂ်အုပ်စုပွဲစဉ်အဖြစ် ဧည့်ခံကစားရမည်ဖြစ်သည်။
“ဒီပွဲက ဂန္တဝင်မြောက်ပွဲစဉ်တစ်ခုဖြစ်သလို ထူးဆန်းတဲ့အရာတချို့လည်း အမြဲတမ်းရှိနေတဲ့ ပွဲစဉ်တစ်ခုပါ။ ဒီပွဲမှာ ရလဒ်ကောင်းရဖို့ ကျွန်တော်တို့ ကြိုးစားပြင်ဆင်နေပါတယ်။ အီတလီနဲ့ ပွဲတုန်းကလည်း ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးစွမ်းရည်တွေကို ထုတ်ပြနိုင်ခဲ့ပါတယ်။ ဒီလိုပဲ အင်္ဂလန်နဲ့ပွဲကို ဒီလိုစွမ်းဆောင်ရည်တွေနဲ့ ယှဉ်ပြိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ဒါက ဒီပွဲစဉ်အတွက် အရေးကြီးဆုံးအရာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲက အရမ်းကို ရုပ်ပိုင်းဆိုင်ရာပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ ဟယ်ရီကိန်းက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီးတော့ သူ့တို့အသင်းမှာ တကယ့်ကို လက်ဖျားခါလောက်အောင် ကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်”ဟု ဖလစ်ခ်က ဆိုသည်။
ဂျာမနီနည်းပြက တော့တင်ဟမ်ကြယ်ပွင့် ဟယ်ရီကိန်းကို ထုတ်ဖော်ချီးကျူးခဲ့သလို ဂျာမနီတိုက်စစ်မှူး တီမိုဗာနာကိုလည်း တခုတ်တရချီးကျူးခဲ့ပြန်သည်။
ချဲလ်ဆီးစတား ကိုင်ဟားဗက်ဇ်နှင့် တီမိုဗာနာတို့နှစ်ဦးအနက် မည်သူနှင့် ပွဲထွက်ကစားမည်ကို မေးလာချိန်တွင် ဖလစ်ခ်က “ကျွန်တော့်အတွေးကတော့ ရှိနေပြီးသားပါ။ ဒါပေမယ့် နှစ်ယောက်လုံးကတော့ ဒီနေရာမှာ ကစားနိုင်တဲ့သူတွေပါပဲ။ အသင်းအတွက် တီဗိုဗာနာလုပ်ပေးခဲ့တဲ့ အရာတွေ ရှိနေတာတောင်မှ သူ့အပေါ် လျှော့တွက်ခံရလေ့ရှိပါတယ်။ သူက ပြိုင်ဘက်ခံစစ်တွေကို အလုပ်ပေးပြီး နေရာလွတ်တွေ ဖန်တီးပေးတယ်။ နှစ်ယောက်လုံးကတော့ ကျွန်တော့်အတွက် ရွေးချယ်ခွင့်ရှိသူတွေပါ”ဟု ပြောဆိုသည်။
ဘိုင်ယန်မြူးနစ်၏ အိမ်ကွင်း Allianz Arena တွင် အင်္ဂလန်အသင်းကို လက်ခံကစားရမည့်အပေါ် “မြူးနစ်က ကျွန်တော့်ရဲ့ အိမ်တစ်လုံးအဖြစ် အချိန်အတော်ကြာကြာရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဂျာမနီလက်ရွေးစင်အသင်းကို လည်း ကောင်းကောင်းအားပေးကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်စွာ ကစားမှာဖြစ်သလို ပရိသတ်ကြီးရဲ့ အားပေးမှုလည်း ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဖလစ်ခ်က ပြန်လည်ပြောဆိုသည်။