ရှေ့သို့
Image

ရန်နစ်ရဲ့ သြစတြီးယားနဲ့ ဒိန်းမတ်ပွဲကို တက်ရောက်ခဲ့တဲ့ ယူနိုက်တက် ကင်းထောက်အဖွဲ့

10:56 AM, 7 June

မန်ချက်စတာယူနိုက်တက် ကင်းထောက်တွေဟာ တနင်္လာညက သြစတြီးယားနဲ့ ဒိန်းမတ်တို့ရဲ့ နေးရှင်းလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ယာယီနည်းပြဟောင်း ရာ့ဖ်ရန်နစ်ဟာ သူ့ရဲ့သြစတြီးယား အသင်းနဲ့ ဒုတိယမြောက်ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကတော့ ခရိုအေရှားကို နိုင်ပွဲရရှိခဲ့ပါတယ်။ သြစတြီးယားအသင်းဟာ ဒိန်းမတ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရပေမယ့်လည်း ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီနှစ်ပြိုင်ပွဲဟာ သြစတြီးယားအတွက်တော့ လိဂ်ဘီကနေ လိဂ်အေကို တန်းတက်ပြီး ကစားခွင့်ရတဲ့ ပထမဆုံးပြိုင်ပွဲဖြစ်ပြီး ဒိန်းမတ်ကတော့ ဒီပြိုင်ပွဲရဲ့ အမြင့်ဆုံးအဆင့်မှာ ဒုတိယအကြိမ်မြောက် ကစားရတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မကြာသေးမီကမှ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားတဲ့ နည်းပြရန်နစ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုနေးရှင်းလိဂ်ပွဲစဉ်မှာ ပစ်မှတ်ကစားသမားတွေကို ကင်းထောက်တွေက သွားရောက်လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

သြစတြီးယားမြို့တော် ဗီယင်နာမှာ ကစားမယ့်အဆိုပါ ပွဲစဉ်ကို တက်ရောက်မယ့် FA မှာ စာရင်းသွင်းထားတဲ့ ကင်းထောက်စာရင်းကို ပေါလ်အိုကီဖီက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကင်းထောက်စာရင်းမှာဆိုရင် ယူနိုက်တက်အပြင် ဝက်စ်ဟမ်း၊ ဒေါ့မွန်၊ တော့တင်ဟမ်နဲ့ လေဗာကူဆင်တို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ယူနိုက်တက်ကင်းထောက်အဖွဲ့က ဘယ်သူတွေလဲဆိုတာတော့ မသိရသေးပေမယ့် နှစ်သင်းစလုံးက ကစားသမားတွေကို လာရောက်လေ့လာတာကတော့ သေချာပါတယ်။

ဒါပေမယ့် အသင်းအတော်များများ စောင့်ကြည့်နေတဲ့ ကစားသမားတစ်ယောက်ကတော့ ခရစ္စတီယန်အဲရစ်ဆင်ပဲ ဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားဟာ အဲရစ်တန်ဟတ်ပြန်လည် တည်ဆောက်မယ့် အသင်းသစ်မှာ နွေရာသီရဲ့ထိပ်တန်းပစ်မှတ်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ဒုတိယရာသီဝက်မှ ဘရန့်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပေမယ့် အသင်းကို ပရီးမီးယားလိဂ်မှာ နောက်တစ်နှစ် ကစားနိုင်အောင် ခြေစွမ်းပြကူညီပေးခဲ့ပါတယ်။

ယူနိုက်တက်ကလည်း ဒိန်းမတ်လက်ရွေးစင်ကို ခေါ်ယူချင်တဲ့ အသင်းတစ်သင်းဖြစ်ပြီး နည်းပြတန်ဟတ်က ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အဓိကပြင်ဆင်လိုနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြသစ်ဟာ အသက် ၃၀ အရွယ် ကွင်းလယ်လူကို ဘရန့်ဖို့ဒ်မှာကတည်းက စောင့်ကြည့်ခဲ့တာဖြစ်ပြီး ဘရန့်ဖို့ဒ်မရောက်ခင်မှာလည်း အေဂျက်စ်နဲ့အတူ ထရိန်နင်ဆင်းဖို့ ခေါ်ယူခဲ့ပါသေးတယ်။ တန်ဟတ်ဟာ အဲရစ်ဆင်ရဲ့ ခြေစွမ်းကို အထူးနှစ်သက်ပြီး လက်ရှိဘရန့်ဖို့ဒ်က ခြေစွမ်းကြောင့်လည်း ဒိန်းမတ်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ကင်းထောက်တွေ နောက်ထပ်စောင့်ကြည့်မယ့် ကစားသမားကတော့ သြစတြီးယားလက်ရွေးစင် ကွင်းလယ်လူ ကွန်ရက်လိုင်မာပဲ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် လိုက်ပ်ဇစ် ကွင်းလယ်လူကို နည်းပြ ရန်နစ်ကိုယ်တိုင် ထောက်ခံခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမား အများအပြား လိုအပ်နေတဲ့ ယူနိုက်တက်အတွက်တော့ အသက်အရွယ်ရော ကစားပုံကပါ သင့်တော်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာပါတယ်။

#ဒိန်းမတ် #သြစတြီးယား #နေးရှင်းလိဂ် #ရန်နစ်