ရှေ့သို့
Image

ဒဏ်ရာ ရရှိနေလျက်နဲ့ အီဂျစ်အတွက် မိနစ် ၉၀ ပြည့်ပါဝင်ကစားပေးခဲ့တဲ့ ဆာလက်

10:27 AM, 7 June

လီဗာပူးတိုက်စစ်မှူး ဆာလက်ဟာ အသင်းရဲ့စစ်ဆေးမှုပြုလုပ်ဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပြီး ဒဏ်ရာရရှိနေလျှက်နဲ့ အီဂျစ်အတွက် မိနစ် ၉၀ ပြည့်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဆာလက်ဟာ အီဂျစ်အသင်းကို ခေါင်းဆောင်ခဲ့ပြီး ဂူနီယာကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ လာမယ့်နှစ် အာဖရိကဖလားဝင်ခွင့်ရရှိဖို့ အဖွင့်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆာလက်ရဲ့ အသင်းဟာ ဂူနီယာအသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၈၇ မိနစ်မှာ သွင်းယူခဲ့တဲ့ မိုစတာဖာရဲ့တစ်လုံးတည်းသော ဂိုးနဲ့သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

“ဆာလက်က ဒဏ်ရာရရှိနေပေမယ့် ပွဲကိုဆက်ကစားခဲ့ပါတယ်။ သူက ပွဲမတိုင်ခင် လီဗာပူးအသင်းရဲ့ X-ray စမ်းသပ်ဖို့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်”လို့ အီဂျစ်နည်းပြ ဂါလယ်က ပြောကြားခဲ့ပါတယ်။

ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဆွန်ဟောင်မင်နဲ့အတူ ရွှေဖိနပ်ဆုကို မျှယူနိုင်ခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်းတွေက ဒဏ်ရာပြဿနာကြောင့် ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဆာလက်တစ်ယောက် အက်ဖ်အေဖလားဖိုင်နယ်တုန်းက ပွဲကစားချိန် ၃၂ မိနစ်မှာ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး အဲ့နောက် ၃ ရက်အကြာမှာကစားမယ့် ဆောက်သမ်တန်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။

အသက် ၂၉ နှစ်သားဟာ ဝုဗ်အသင်းနဲ့ ရာသီပိတ်နောက်ဆုံးပွဲကိုလည်း လူစားဝင်ကစားဖို့ ကန့်သတ်ခံခဲ့ရကာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲဖြစ်တဲ့ ရီးရဲလ်နဲ့ပွဲမှာမှ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာတော့ ဆာလက်တစ်ယောက် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အီဂျစ်သားဟာ ဒဏ်ရာရရှိနေတာကို စစ်ဆေးမှုအတွက် စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ လီဗာပူးကတော့ သူဒဏ်ရာနဲ့ ဆက်ကစားမယ်ဆိုရင် ရာသီကြိုခြေစမ်းပွဲမှာ မပူးပေါင်းနိုင်မှာကို စိုးရိမ်နေပါတယ်။ ဆာလက်က အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်နေပေမယ့် လာမယ့်ရာသီအသင်းမှာ ဆက်ရှိနေမယ်လို့ အတည်ပြုလိုက်ပါတယ်။

“ကျွန်တော်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ စာချုပ်အခြေအနေအကြောင်း မပြောချင်ပါဘူး။ ကျွန်တော် ဒီမှာအကြာကြီးရှိနေခဲ့တာပါ။ လာမယ့်ရာသီလည်း ဆက်နေချင်ပါတယ်။ သေချာပါတယ်။ ကျွန်တော် လာမယ့်ရာသီဆက်နေမှာပါ။ အဲ့တာပြီးရင်တော့ ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့”လို့ ဆာလက်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အီဂျစ် #ဆာလက်