ရှေ့သို့
Image

လစာလျှော့ယူပြီး လီဗာပူးနဲ့ တစ်နှစ်သက်တမ်းတိုးခဲ့တဲ့ ဂျိမ်းစ်မီလ်နာ

1:22 PM, 6 June

လီဗာပူးဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာကတော့ အန်ဖီးလ်ကွင်းမှာ ၈ နှစ်ထိ ရှိနိုင်မယ့် ၂၀၂၃ မှ ကုန်မယ့် တစ်နှစ်သက်တမ်းတိုး စာချုပ်ကို လီဗာပူးနဲ့ ချုပ်ဆိုဖို့ သဘောတူညီခဲ့ပါတယ်။ မာဆေးဆိုက်ကလပ်မှ ၂၀၂၂-၂၃ ရာသီအထိ ကစားရတော့မှာဖြစ်တာကြောင့် အသက် ၁၆ နှစ်နဲ့ ၃၀၉ ရက်မှာ လိဒ်စ်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်ခဲ့ပြီးနောက်မှာ အခုဆိုရင်မီလ်နာရဲ့ ပရီးမီးယားလိဂ်သက်တမ်းက ဆယ်စုနှစ် ၂ ခုစာ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။

သတင်းတွေအရတော့ အင်္ဂလန်လက်ရွေးစင်ဟောင်းကြီးဟာ လစာလည်းလျှော့ယူခဲ့သလို အခြားပရီးမီးယားလိဂ်ကလပ်တွေနဲ့ လစာအများအပြား ရရှိနိုင်မယ့် MLS ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကိုပါ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ၄၈ နာရီအတွင်းမှာ သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီး ဒီတစ်ပတ်အတွင်းမှာတင် တရားဝင်ထုတ်ပြန်ချက် ထုတ်ဖွယ်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် မီလ်နာဟာ အန်ဖီးလ်မှာ ဆက်နေခွင့်ရရှိဖို့ လစာပါလျှော့ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘက်က ၂ နှစ်စာချုပ်တောင်းဆိုခဲ့ပေမယ့် လီဗာပူးဘက်က တစ်နှစ်သာသက်တမ်းတိုးခဲ့တာပဲ ဖြစ်ပါတယ်။ မီလ်နာဟာ ၂၀၀၂ ခုနှစ်က အသင်းဟောင်း နယူးကာဆယ်နဲ့ပွဲမှာ လိဒ်စ်ယူနိုက်တက်အတွက် ပွဲဦးထွက်ခဲ့ပြီး အင်္ဂလန်ထိပ်တန်းလိဂ်မှာ ၁၉ နှစ်နဲ့ ၇ လကြာ ဖြတ်သန်းခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။

ဇွန်လရောက်ကတည်းက စာချုပ်သက်တမ်းကုန်ပြီး အသင်းကနေ အလွတ်နဲ့ထွက်ခွာခွင့် ရရှိထားသော်လည်း နည်းပြဂျာဂန်ကလော့ပ်က လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေမှာ မီလ်နာကလည်း အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့သူဖြစ်တာကြောင့် အသင်းမှာ ဆက်ရှိစေချင်ခဲ့ပါတယ်။ မီလ်နာဟာ ချန်ပီယံဖိုင်နယ်ရဲ့ အရန်စာရင်းမှာသာ ပါဝင်ခွင့်ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းရဲ့ ပွဲစဉ် ၆၃ ပွဲမှာ တစ်ဝက်ကျော်ဖြစ်တဲ့ ပွဲစဉ် ၃၉ ပွဲကို ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

လိဒ်စ်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာနဲ့ မန်စီးတီးကွင်းလယ်လူဟောင်းဟာ ပြည်တွင်းလိဂ်ပွဲပေါင်း ၅၈၈ ပွဲထိ ကစားခွင့်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ပွဲအများဆုံး ကစားခဲ့တဲ့ ကစားသမားစာရင်းမှာလည်း အဆင့် ၄ ရရှိထားသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း ကွင်းတွင်းကွင်းပြင် စွမ်းဆောင်ရည်ကောင်းတွေ၊ ဘောလုံးဗဟုသုတကြွယ်ဝမှုတွေနဲ့ ညာနောက်ခံလူ အာနိုးလ်ရဲ့နေရာကိုပါ အစားဝင်ကစားနိုင်တာတွေကြောင့် လီဗာပူးအသင်းရဲ့ စွယ်စုံရကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

မီလ်နာဟာ ဂါရက်ဘေးလ်နည်းတူ ဘုရင်မကြီးက ချီးမြှင့်တဲ့ MBE ဘွဲ့ရရှိထားသလို အသက် ၃၆ နှစ်အရွယ်မှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ ကာရာဘောင်ဖလား၊ UEFA စူပါဖလားနဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတွေကိုလည်း ရရှိထားပါတယ်။

#လီဗာပူး #မီလ်နာ