ချက်ကို သရေကျပြီးနောက် စပိန်အသင်း တိုးတက်ဖို့ လိုအပ်နေသေးကြောင်း အင်းနရစ် ဝန်ခံပြောကြား
10:40 AM, 6 June
စပိန်အသင်းနည်းပြ အင်းနရစ်က ချက်အသင်းကို သရေကျပြီးနောက် မိမိအသင်းအနေနဲ့ တိုးတက်ဖို့ လိုအပ်မှုတွေအများကြီး ရှိနေသေးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ အသက် ၁၇ နှစ် နဲ့ ၃၀၄ ရက်သာရှိသေးတဲ့ ဂါဗီက စပိန်အတွက် အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်လာခဲ့ပြီး ပီဆက်ခ်ရဲ့ ဂိုးကို ပြန်လည်ချေပနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာ ကွင်းလယ်လူက ပြိုင်ပွဲစုံ ၁၆ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ၂ ဂိုးကို အဝေးကန်ချက်ကနေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ကူချာတာက ချက်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပေမယ့် စပိန်အတွက် သရေကျစေမယ့်ဂိုးကို ပွဲကစားချိန် ၉၀ မိနစ်မှာ အီနီဂိုမာတီနက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ နေးရှင်းလိဂ်ဖိုင်နယ်ကို တစ်သင်းသာ တက်ရောက်နိုင်မှာဖြစ်တာကြောင့် အင်းနရစ်က သူ့အသင်းအနေနဲ့ တိုးတက်ဖို့ လိုအပ်နေတာကိုပြုပြင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
စပိန်နည်းပြက သတင်းထောက်တွေကို ပြောကြားရာမှာ “ဆူညံမှုတွေက ကမ္ဘာ့ဘောလုံးလောကရဲ့ အလှဆုံးအရာတွေပါ။ ကျွန်တော်ဘယ်လိုကစားလဲဆိုတာ သိပါတယ်။ လိုအပ်နေတဲ့ အရာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် အကောင်းဆုံးအရာက သရေတစ်မှတ်ဖြစ်ပြီး ပြိုင်ဘက်ကို အနိုင် ၃ မှတ်မပေးတာပါ”လို့ ပြောကြားခဲ့ပါတယ်။
အင်းနရစ်က ကွင်းလယ်ကစားသမား ဂါဗီရဲ့ခြေစွမ်းကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဂါဗီအကြောင်းကောင်းကောင်းသိပါတယ်။ ကျွန်တော် သူ့ဗီဒီယိုတွေ ၅ နှစ်လောက်ကြည့်ဖြစ်ခဲ့ပါတယ်။ သူက ကန်ချက် ဒါမှမဟုတ် ဂိုးကန်သွင်းခွင့်ရမယ့်နေရာမှာဆိုရင် တကယ့်ကို ရပ်တန့်လို့မရတဲ့သူပါ”လို့ အင်းနရစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။