ရှေ့သို့
Image

အာဆင်နယ် အသင်း ချန်ပီယံလိဂ် မဝင်ခဲ့တာနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ဆက်ဇနီ ပြောကြား

10:19 AM, 6 June

ဂျူဗင်တပ်စ်ဂိုးသမား ဆက်ဇနီက အသင်းဟောင်း အာဆင်နယ် ချန်ပီယံလိဂ်မဝင်ခဲ့တာနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ပြောကြားလိုက်ပေမယ့် အာတီတာ အနေနဲ့ လမ်းကြောင်းမှန်ပေါ်ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံးရာသီပိတ် ၃ ပွဲအလိုမှာ မြို့ခံပြိုင်ဘက် တော့တင်ဟမ်အသင်းကို ၄ မှတ် ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ် နဲ့ နယူးကာဆယ်တို့ကို ဆက်တိုက် အရေးနိမ့်အပြီးမှာတော့ အာဆင်နယ်အသင်းဟာ အဆင့် ၄ နေရာနဲ့ လွဲချော်ခဲ့ပါတယ်။

“ပရိသတ်တစ်ယောက်အနေနဲ့ တကယ့်ကို စိတ်ပျက်ရပါတယ်။ သူတို့အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရာသီမစခင်တုန်းက ဘယ်သူမှသူတို့လုပ်နိုင်မယ်လို့ မပြောခဲ့ပါဘူး။ နောက်ဆုံး ၂ ပွဲလောက်အလိုမှာ သူတို့ ခြေချော်ခဲ့တာပါ။ အဲ့တာက စိတ်ပျက်စရာပါ။ ဒါပေမယ့် သူတို့ ဒီနှစ်မှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်”လို့ ဆက်ဇနီက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဆက်ဇနီက အကောင်းမြင်နေပြီး အာဆင်နယ် အနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်မယ်လို့ ယုံကြည်နေပါတယ်။ ပိုလန်သားဟာ အာဆင်နယ်အသင်း ၂၀၁၄ နဲ့ ၂၀၁၅ အက်ဖ်အေဖလားအောင်မြင်မှုရယူနိုင်ရာမှာ အာတီတာနဲ့အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။

“အာတီတာမှာ ဘောလုံးစိတ်ကူးစိတ်သန်းတွေရှိတာ ကျွန်တော်မြင်ရပါတယ်။ သူ့မှ လူငယ်အသင်းရှိနေပါတယ်။ အားလုံးအဆင်ပြေပါတယ်။ လာမယ့်နှစ်တွေမှာ အာဆင်နယ်က ချန်ပီယံလိဂ်ပြန်ဝင်တော့မှာပါ”လို့ ဆက်ဇနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ကန်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေက ကစားခဲ့သေးတာဖြစ်ပြီး ၂၀၁၉ တုန်းက ဖိုင်နယ်ရောက်ခဲ့ပေမယ့် ချဲလ်ဆီးကို အရေးနိမ့်ခဲ့ပြီး ၂၀၁၈ နဲ့ ၂၀၂၁ တုန်းက ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ဂျူဗင်တပ်စ် #ဆက်ဇနီ