အီတလီနဲ့ပွဲစဉ်မှာ ဂျာမနီက အနိုင်ရလိုစိတ်နဲ့ အဆုံးသတ်တိကျမှုတွေ ပျောက်ဆုံးခဲ့တယ်လို့ ဖလစ်ခ်ဆို
10:51 AM, 5 June
ဂျာမနီနည်းပြ ဟန်စီ ဖလစ်ခ်က ယမန်နေ့ည အီတလီနဲ့ပွဲစဉ်မှာ အသင်းက အနိုင်ရလိုစိတ်နဲ့ အဆုံးသတ်တိကျမှုတွေ ပျောက်ဆုံးခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ပထမပိုင်းမှာ ဂျာမနီက ပိုကောင်းခဲ့ပေမဲ့ အဆုံးသတ်ပိုင်း တိကျမှုအားနည်းခဲ့ပြီး ဒုတိယပိုင်းမှာ အီတလီက ပိုကောင်းလာကာ ပယ်လီဂရီနီက ဦးဆောင်ဂိုး သွင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ ကင်မစ်ရှ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့ ဂျာမနီတို့ အဝေးကွင်းမှာ သရေ၁မှတ် ရရှိခဲ့ပါတယ်။
အဆိုပါရလဒ်ကြောင့် ဂျာမနီအသင်းဟာ နည်းပြသစ် ဖလစ်ခ်လက်ထက် ပထမ၁၀ပွဲမှာ ၁ပွဲမှ မရှုံးတဲ့ စံချိန်တစ်ခုကို ရရှိခဲ့ပါတယ်။
စံချိန်ကောင်း၁ခု တင်နိုင်ခဲ့ပေမဲ့ ဖလစ်ခ်ကတော့ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် အားမရခဲ့ဘဲ အမြန်ဆုံး တိုးတက်လာဖို့ တိုက်တွန်းခဲ့ပါတယ်။
ဖလစ်ခ်က “ကျွန်တော်တို့ ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပေမဲ့ ၁၅မိနစ်၊ မိနစ်၂၀လောက်ရောက်တော့ ကစားပုံ ပြန်ပျောက်သွားခဲ့ပါတယ်။ အီတလီ ကစားတာ အရမ်းကောင်းပြီး ကျွန်တော်တို့ကလည်း တိုက်စစ်ဆင်ချိန် အမှားတွေအများကြီး လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်လိုစိတ်နဲ့ ခံစစ်ပိုင်း တည်ငြိမ်မှု ပျောက်ဆုံးခဲ့ပါတယ်”
“အဲ့ဒီနေရာတွေက ကျွန်တော်တို့ တိုးတက်ရမယ့်နေရာတွေ ဖြစ်တာကြောင့် အင်္ဂါနေ့ကျ ဒီထက်ပိုလုပ်နိုင်မှာပါ။ ကျွန်တော်တို့ လေ့ကျင့်ခန်း ပြုလုပ်ခဲ့တာတွေကို အသုံးမချခဲ့ဘဲ ဒါကလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး”
“အီတလီက ကျွန်တော်တို့ ထင်ထားသလို ကောင်းကောင်း လေ့ကျင့်ထားတဲ့ အသင်း၁သင်းဖြစ်ပြီး ချေပဂိုး ပြန်ရလိုက်တာ ကောင်းပါတယ်။ ဒါကနေရှင်းလိဂ်မှာ ထိပ်တန်းအသင်းတွေနဲ့ အမြဲရင်ဆိုင်ရတယ်ဆိုတာ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ကစားပုံက ဒီနေ့ နည်းနည်းအဆိုးဘက် ရောက်ခဲ့ပြီး ဒီထက်ပိုကောင်းအောင် ကစားနိုင်ရပါမယ်။ ကျွန်တော်တို့ နိုင်လိုစိတ်နဲ့ အဆုံးသတ် တိကျမှုတွေ လိုအပ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
#အီတလီ #ဂျာမနီ #ဖလစ်ခ်