ရှေ့သို့
Image

ဓားပြတိုက်ခံရပြီးနောက် ပစ်ခတ်မှုကြားထဲပါ ညပ်ခဲ့တဲ့ တော့တင်ဟမ် နောက်ခံလူ အီမာဆင်

1:50 PM, 4 June

တော့တင်ဟမ်ခံစစ်မှူး အီမာဆင်ရွိုင်ရယ်တစ်ယောက် သောကြာနေ့မနက်ပိုင်းက ဘရာဇီးမှာ သေနတ်ကိုင်လူတစ်စုရဲ့ ဓားပြတိုက်ခြင်းကို ခံခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုကြားမှာလည်း ပိတ်မိခဲ့ပါတယ်။ O Liberal သတင်းအရ ၂၃ နှစ် အရွယ် ကစားသမားဟာ သူ့ရဲ့ဇာတိမြို့ ဆော်ပေါ်လိုက ကလပ်တစ်ခုကနေ မနက် ၃ နာရီမှာ ထွက်အလာ ဓားပြတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ကံကောင်းတာကတေယ့ ဓားပြတိုက်ခံရချိန် အီမာဆင်ဟာ ဂျူတီချိန်ပြင်ပက ရဲအရာရှိတစ်ဦးနဲ့ ဓာတ်ပုံအတူ ရိုက်နေချိန်ဖြစ်ခဲ့ပါတယ်။ ရဲအရာရှိက ဓားပြတွေအနားကပ်လာတာကိုမြင်တာနဲ့ ချက်ချင်းသေနတ်ထုတ်ကာ ပြန်ပစ်ခဲ့ပြီး အီမာဆင်ကိုလည်း ကာကွယ်ပေးခဲ့ပါတယ်။ သေနတ်ပစ်ချက် ၂၉ ချက်ထိ ပစ်ခတ်ခဲ့ကြပြီး အီမာဆင်ရဲ့ ကျောကိုလည်း ကျည်တစ်ချက်မှန်ခဲ့တယ်လို့ သိရပါတယ်။

UOL သတင်းအရ ပစ်ခတ်မှုပြီးတဲ့နောက် ဆေးရုံကိုတန်းသွားခဲ့ရပြီး သောကြာနေ့မနက်ပိုင်းမှာတင် ခွဲစိတ်မှုပြုလုပ်ကာ ကျည်ဆန်ကိုဖယ်ရှားခဲ့ရပါတယ်။ ကစားသမားရဲ့ အေးဂျင့်ကလည်း အသေးစိတ်အဖြစ်အပျက်ကို အတည်ပြုခဲ့ပြီး အီမာဆင်တစ်ယောက် ထိတ်လန့်မှုကြောင့် အသားတွေပါ တုန်နေခဲ့တယ်လို့ သိရပါတယ်။

အီမာဆင်ရဲ့ အဖေကလည်း ဒီအဖြစ်အပျက်ဟာ ခဏလေးပေမယ့် သိပ်ကိုကြောက်ဖို့ ကောင်းခဲ့ကြောင်း သောကြာနေ့ မနက်ပိုင်းကပဲ ပြောခဲ့ပါတယ်။ အီမာဆင်ရဲ့ ဖခင်က “ကျွန်တော်တို့ အောင်ပွဲခံပါတီလုပ်ပြီး အပြင်ထွက်ရုံပဲ ရှိသေးတယ် ဒါကြီးဖြစ်တော့တာပဲ။ တော်တော့်ကို ဆိုးတဲ့အခြေအနေပါ။ ဓားပြတွေက ကျွန်တော့်သားကို ပစ်မှတ်ထားမှန်း ရိပ်မိတာနဲ့ သူ(ရဲအရာရှိ)က ရွိုင်ရယ့်ကို ချက်ချင်းဆွဲပြီး ကားထဲခေါ်သွားတယ်။ ပြီးတော့ တစ်ယောက်နဲ့အများ ခံပစ်တော့တာပဲ။ ရွိုင်ရယ့်အနားမှာ လူ ၅ ယောက် ၆ ယောက်လောက်ရှိတယ်။ စပစ်တာနဲ့ အားလုံးက ပြေးတဲ့သူပြေး၊ ဝပ်တဲ့သူဝပ်နဲ့ ဖြစ်ကုန်ရော၊ ကျည်တွေကလည်း ဘယ်ကလာလို့ လာမှန်းမသိနိုင်ဘူးလေ”လို့ ဖွင့်ဟသွားခဲ့ပါတယ်။
ဆေးကုသမှုခံယူပြီးချိန်မှာတော့ အီမာဆင်က သူ့ရဲ့အင်စတာဂရမ်မှာ “ဒီကိစ္စကို အတိုချုံးပြီး နောက်မှရှင်းပြမယ်။ စိတ်ပူပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော်သက်သာပါတယ်”ဆိုပြီး တင်ခဲ့ပါတယ်။

အီမာဆင်ဟာ တော့တင်ဟမ်ကို ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာစီလိုနာကနေ ပေါင် ၂၅.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့အနိုင်ရရှိခဲ့တဲ့ စက်တင်ဘာလကပွဲမှာ စတင်ပွဲဦးထွက်ခဲ့ပါတယ်။ ဘရာဇီးသားဟာ ဒီရာသီ ၄၁ ပွဲကစားပြီး ဧပြီလအစောပိုင်းက နယူးကာဆယ်ကို ၅-၁ နဲ့ နိုင်တဲ့ပွဲစဉ်မှာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း ၇ ပွဲ ကစားခွင့်ရရှိခဲ့ပြီး ၂၀၁၉ တုန်းက တောင်ကိုရီးယားကို ၃-၀ နဲ့ နိုင်တဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ပွဲဦးထွက်ခဲ့ပါတယ်။
#တော့တင်ဟမ် #အီမာဆင်