ရှေ့သို့
Image

လစာတောင်းဆိုမှု မြင့်မားခြင်းကြောင့် ဒိုင်ဘားလားကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ပယ်ချလိုက်တဲ့ တော့တင်ဟမ်

9:52 AM, 4 June

တော့တင်ဟမ်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း ပေါ်လို ဒိုင်ဘားလားကို ခေါ်ယူနိုင်ခွင့်အား ပယ်ချလိုက်ကြောင်း သိရပါတယ်။

ဂျူဗီမှာ ၇နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနှစ်နွေရာသီမှာ ထွက်ခွာမယ့် ဒိုင်ဘားလားကို တော့တင်ဟမ်၊ အာဆင်နယ်၊ ယူနိုက်တက်အသင်းတွေက စိတ်ဝင်စားနေခဲ့ပါတယ်။ ဒါပေမဲ့ ၂၈နှစ်သားဟာ ၁ပတ်လုပ်ခ ပေါင် ၂၈၀၀၀၀အထိ တောင်းဆိုတာကြောင့် တော့တင်ဟမ် တာဝန်ရှိသူတွေက အာဂျင်တိုင်းသားကို ခေါ်ယူရေးအပေါ် လက်လျော့လိုက်ကြောင်း သိရပါတယ်။

ဒိုင်ဘားလားဟာ ဂျူဗီအတွက် လိဂ်ပွဲ ၂၁၀မှာ ၈၂ဂိုး သွင်းယူခဲ့ပေမဲ့ စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခ ၃၇၃၀၀၀အထိ တောင်းဆိုလာတာကြောင့် အသင်းက စာချုပ်သက်တမ်းတိုးခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ အပိုဆုကြေး ပါဝင်တဲ့ ၁နှစ်လုပ်ခ ပေါင် ၆သန်းနဲ့ ကမ်းလှမ်းထားပေမဲ့ ဒိုင်ဘားလားက ဒီထက်ပို တောင်းဆိုထားခဲ့ပါတယ်။

ဒါကြောင့် အင်တာအနေနဲ့လည်း အခြားရွေးချယ်မှုအဖြစ် ချဲလ်ဆီးတိုက်စစ်မှူး လူကာကူကို ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေခဲ့ပါတယ်။ ၂၉နှစ်သားဟာ လက်ရှိ ချဲလ်ဆီးမှာ ရနေတဲ့ ၁ပတ်လုပ်ခ ၃၂၅၀၀၀ကို အင်တာကို ပြန်ပြောင်းမယ်ဆိုရင် လျော့ယူထားဖို့ ပြင်ဆင်နေပါတယ်။

တော့တင်ဟမ်အသင်းဟာ နွေရာသီ ပထမဆုံး ခေါ်ယူမှု ၂ခုအဖြစ် အငှားနဲ့ ခေါ်ယူထားတဲ့ ကူလူဆက်ဗ်စကီးနဲ့ ဘန်တန်ကာတို့ကို အပြီးသတ် ခေါ်ယူထားခဲ့ပါတယ်။ တော့တင်ဟမ်အသင်းဟာ အင်တာကနေ ထွက်ခွာလာတဲ့ တောင်ပံကစားသမား ပါရီဆစ်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပါတယ်။

လာမယ့်ရာသီ ခံစစ်မှူး ရိုမဲရိုးနဲ့ တွဲကစားဖို့ နည်းပြ ကွန်တီက အင်တာမှ ဘက်စ်တိုနီ၊ ဘာစီလိုနာမှ လန်ဂလက်တို့ကိုလည်း စိတ်ဝင်စားနေပါတယ်။

#တော့တင်ဟမ် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ဒိုင်ဘားလား