ရှေ့သို့
Image

မက်ဆီ လက်သစ်လို့ တံဆိပ်ကပ်ခံရပြီးနောက်ပိုင်း ဒိုင်ဘားလား အာရုံထွေပြားခဲ့ဟု အယ်လီဂရီ ဆို

2:46 PM, 3 June

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက တူရင်မြေမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့်  ဒိုင်းဘာလားအနေဖြင့် မြှောက်ပင့်မှုများမှာ သာယာမနေဘဲ မိမိပုံစံမှန်ကို ပြန်ရှာဖို့ ကြိုးစားသင့်ကြောင်း အရိပ်အမြွက် တိုက်တွန်းပြောဆိုခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ကစားသမားသည် အီတလီထိပ်သီးကလပ်နှင့် ခုနှစ်ကြာလက်တွဲလာမှုကို  အဆုံးသတ်ဖို့ရှိပြီး မန်ချက်စတာယူနိုက်တက်နှင့် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများလည်း ရှိနေသည်။

“ဒိုင်ဘားလားက သူ့ကိုယ်သူ ပြန်ရှာဖို့ လိုအပ်နေပါတယ်။ သူ့ကို မက်ဆီလက်သစ်ဆိုပြီး ချီးကျူးခဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ ဘောလုံးသမားတစ်ယောက်ဆိုတာ အခြားဘောလုံးသမားတစ်ယောက်နဲ့ တူလာအောင် တွေးနေတာမျိုး၊ ကစားဖို့ ကြိုးစားနေတာမျိုးက မဖြစ်နိုင်ပါဘူး”ဟု အယ်လီဂရီက ပြောသည်။

ကစားသမား၏ စိတ်ဓါတ်ပိုင်းကို ပြုပြင်ဖို့ တိုက်တွန်းခဲ့သော်လည်း ကွင်းတွင်းစွမ်းဆောင်ရည်အပိုင်းကိုမူ အသက် ၅၄ နှစ်အရွယ်နည်းပြက ချီးကျူးခဲ့ပြန်သည်။ ၂၀၁၅ ခုနှစ်တွင် ပါလာမိုမှ ပြောင်းရွှေ့လာခဲ့သော ဒိုင်ဘားလားသည် ဂျူဗင်တပ်စ်အတွက် ၁၁၅ ဂိုး သွင်းယူကာ ၄၈ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ပေးခဲ့သည်။

“ဒိုင်ဘားလားမှာ လုပ်ပြနိုင်တာတွေ အများကြီးရှိပါသေးတယ်။ သူ့မှာ တကယ့်ကို သာမန်ထက်ထူးကဲတဲ့ နည်းစနစ်ပိုင်းဆိုင်ရာစွမ်းရည်တစ်ခု ရှိနေလို့ပါ။ တကယ့် အံ့သြလောက်စရာ ကစားသမားတစ်ဦးပါ” ဟု အယ်လီဂရီက ဆိုသည်။

ယခုအခါမှာတော့ ဥရောပတလွှားရှိထိပ်သီးကလပ်အသင်းများက ဒိုင်ဘားလားကိုခေါ်ယူဖို့ ကြိုးပမ်းလာကြသည်။ မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟက်က အသင်းသစ်အတွက် ပထမဆုံး အပြောင်းအရွှေ့ရာသီတွင် ဒိုင်ဘားလားကို ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသလို အာဆင်နယ်ကလည်း မကြာမီ လိုင်ယွန်သို့ ပြောင်းရွှေ့တော့မည့် ဗဟိုတိုက်စစ်ကစားသမား လာကာဇက်တီ၏နေရာတွင် တိုက်ရိုက်အစားထိုးနိုင်ဖို့ အာဂျင်တီးနားလက်ရွေးစင်အပေါ် စိတ်ဝင်စားမှုရှိနေသည်။

အခြားစီးရီးအေ ကလပ်တစ်ခုဖြစ်သော အင်တာမီလန်ကလည်း အာဂျင်တီးနားလက်ရွေးစင်အသင်းဖော် လော်တာရိုမာတီနက်ဇ်နှင့်အတူ တွဲဖက်ကစားဖို့ ဒိုင်ဘားလားကို ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသည်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ #ဒိုင်ဘားလား