ရှေ့သို့
Image

ချီရယ်လီနီရဲ့ နေရာကို လာပေါ်တေးနဲ့ အစားထိုးဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ်

11:41 AM, 2 June

မန်ချက်စတာစီးတီးခံစစ်မှူး လာပေါ်တေးကတော့ ဒီနွေရာသီအပြောင်းအရွှေ့မှာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်ရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။ ၂၈ နှစ်အရွယ် ကစားသမားဟာ ရာသီကုန်ပြီးနောက် ဂျူဗင်တပ်စ်ကနေ ထွက်ခွာသွားခဲ့တဲ့ ဂန္တဝင်ကစားသမား ချီရယ်လီနီရဲ့နေရာကို အစားထိုးမယ့် ကစားတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိဘောလုံးလောက ပိရမစ်မှာမန်စီးတီးက ထိပ်ဆုံးကိုရောက်နေပေမယ့် ပွဲထွက်ခွင့်က ကစားသမားတွေအတွက် အဓိကကျတဲ့ စဉ်းစားစရာဖြစ်လာပါတယ်။ ပွဲထွက်လူစာရင်းမှာဆိုရင် စပိန်သားရဲ့နေရာကို ဂျွန်စတုန်းက ခြိမ်းခြောက်လာပြီး ရူဘင်ဒီရက်စ်ကလည်း မပါမဖြစ် အဓိကကစားသမား တစ်ယောက်အဖြစ် ပုံမှန်ပွဲထွက်ခွင့် ရနေတာကြောင့် လာမယ့်ရာသီဟာ လာပေါ်တေးအတွက်တော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာပါဘူး။

နည်းပြပက်ဂွာဒီယိုလာကတော့ ကစားသမားတွေကို အလှည့်နဲ့အသုံးပြုတတ်ပေမယ့် နာသန်အကီလိုမျိုး စတုန်းနဲ့ ဒီရက်စ်တို့ရဲ့ နောက်အရန်အဖြစ်သာ ကစားနေရတဲ့ သူတွေကတော့ ပုံမှန်နေရာရဖို့အတွက် ဒီနွေရာသီမှာပဲ အသင်းပြောင်းရွှေ့ဖွယ် ရှိပါတယ်။ လာပေါ်တေးဟာ မန်ချက်စတာကို ၂၀၁၈ ဇန်နဝါရီတုန်းက ဘီလ်ဘာအိုကနေ ပေါင် ၅၈.၅ သန်းဆိုတဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ရောင်းထုတ်ခံရနိုင်ခြေတောင် ရှိနေပါတယ်။

အီတလီနဲ့ဂျူဗင်တပ်စ်ဂန္တဝင်ကြီး ချီရယ်လီနီရဲ့ ထွက်ခွာမှုကြောင့် ခံစစ်မှူးတစ်ယောက် လစ်ဟာသွားမှုကို နည်းပြအယ်လီဂရီကလည်း အစားထိုးလိုနေပြီး ဆုဖလားလက်မဲ့ရာသီကို ကျော်ဖြတ်ခဲ့ရပြီးနောက်မှာ အသင်းရဲ့အသက်အရွယ် ကြီးရင့်နေတဲ့ လူစာရင်းကိုလည်း အပြောင်းအလဲ ပြုလုပ်လိုလျက်ရှိပါတယ်။ လာပေါ်တေးကလည်း ဘောလုံးကိုတည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်သူဖြစ်လို့ တူရင်ကလပ်နဲ့ လိုက်ဖက်သူလည်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ လာပေါ်တေးဟာ အီတလီသားကြီးထက် အသက် ၉ နှစ်လောက် ပိုငယ်ပါတယ်၊ ဥရောပအကောင်းဆုံး အသင်းတွေနဲ့လည်း အတွေ့အကြုံတွေ ရှိထားသလို စီးတီးနဲ့ ၄ ရာသီခွဲအတွင်းမှာ ဆုဖလား ၉ လုံးထိ ရရှိထားသူဖြစ်ပါတယ်။ ဖလား ၂၂ လုံးရထားတဲ့ ချီရယ်လီနီကိုတော့ မမီသေးပေမယ့် လက်ရှိအချိန်မှာ အစားထိုးဖို့အတွက်တော့ အသင့်တော်ဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။

#မန်စီးတီး #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #လာပိုတေး #ချီရယ်လီနီ