ရှေ့သို့
Image

အီတလီ အသင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ခက်ခဲတဲ့အခိုက်အတန့်တွေလည်း ရှိမယ်လို့ မန်စီနီ သတိပေး

10:09 AM, 2 June

ရောဘတ်တို မန်စီနီက အီတလီအသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်တွေမှာ အပြောင်းအလဲလုပ် ကစားသွားမှာဖြစ်ပြီး ဒါက စိတ်အားထက်သန်မှု လျော့ကျတာမျိုးမဟုတ်ပေမဲ့ အပြောင်းအလဲကာလမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

အီတလီအသင်းဟာ ယူရိုဖလားဗိုလ်လုပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဝင်ဘလေကို ပြန်လာခဲ့ပေမဲ့ ခက်ခဲတဲ့ အတွေ့အကြုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကိုပါအမေရိကဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ အီတလီကို လော်တာရို မာတီနက်ဇ်၊ ဒီမာရီယာ၊ ဒိုင်ဘားလားတို့ရဲ့ ဂိုးတွေနဲ့အတူ အနိုင်ယူကာ ဖိုင်နယ်လစ္စမာ ဆုဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။

မန်စီနီက “ကျွန်တော်တို့ ယူရိုဖလား ရခဲ့ပြီး ၃နှစ်ခွဲကြာ ရှုံးပွဲမရှိစံချိန်ရခဲ့လို့ ဒီပွဲကို ကစားခဲ့ရတာပါ။ ဒီငွေတံဆိပ်ကလည်း ကျွန်တော်တို့ ဘဝတွေရဲ့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄နှစ်အတွင်း ကစားခဲ့ကြသူတွေကို ကျေးဇူးတင်ချင်ပြီး ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့လို့လည်း အားလုံး တော်တော်လေး စိတ်ပျက်နေကြပါတယ်” “ပွဲက သူတို့ဂိုးမသွင်းခင်ထိ မျှတပါတယ်။ အဲ့ဒီနောက် အာဂျင်တီးနားက အနိုင်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးကိုင်ထားချိန် အမှားတွေကြောင့် ၂ဂိုးပေးလိုက်ရတာ စိတ်မကောင်းစရာပါပဲ”လို့ ပြောခဲ့ပါတယ်။

အီတလီအသင်းဟာ လာမယ့်နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် ဂျာမနီ၊ ဟန်ဂေရီ၊ အင်္ဂလန်တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

မန်စီနီက “အချို့ကစားသမားတွေကို အားလပ်ရက်အတွက် ပြန်လွှတ်လိုက်ပါတယ်။ သူတို့က လွန်ခဲ့တဲ့ ၂နှစ်အတွင်း လုပ်ပြခဲ့တာတွေအတွက် အနားရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ယူရိုအပြီး ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အဲ့ဒီအတွက် အဖြေရှာဖို့ လိုပါတယ်။ ဒါပေမဲ့ ရလဒ်တွေ မြန်မြန်ပြန်ကောင်းလာဖို့က မလွယ်ပါဘူး။ ကျွန်တော်တို့ စစချင်း အမှားနည်းနည်းတော့ ကျူးလွန်မိမှာပါ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး မန်စီနီက “ကျွန်တော်တို့ တက်တက်ကြွကြွနဲ့ ကစားနေပေမဲ့ ခိုက်ခဲတဲ့ အခိုက်အတန့်အချို့လည်း ရှိမှာပါ။ တိုးတက်ဖို့အတွက် အချိန်လိုတာကြောင့် ဒီလိုညမျိုး ကြုံတွေ့နိုင်တယ်ဆိုတာ သတိချပ်ရပါမယ်။ အချိုံ ကစားသမားတွေက စီးရီးအေမှာတောင် မကစားဖူးတာကြောင့် တော်တော်လေး ခက်ခဲပါလိမ့်မယ်။ သူတို့ အနာဂတ်မှာ အားအင်တွေ ရလာခဲ့ရင် ကျွန်တော်တို့ ပြန်လုပ်ပြနိုင်ပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။

#အီတလီ #နေးရှင်းလိဂ် #မန်စီနီ