ရှေ့သို့
Image

ပရီးမီးယားလိဂ်မှာ ကစားလိုတဲ့ဆန္ဒနဲ့အတူ ကွန်တီနဲ့ လက်တွဲဖို့ အထူးအခွင့်အရေးရခြင်းလို့ ပါရီဆစ် ထုတ်ပြော

3:09 PM, 1 June

တော့တင်ဟမ်ကို ပြောင်းရွှေ့ခွင့်ရခဲ့ခြင်းက ဆရာဟောင်းကွန်တီနဲ့ လက်တွဲဖို့ အထူးအခွင့်အရေးဖြစ်သလို ပရီးမီးယာလိဂ်မှာ ကစားလိုတဲ့ဆန္ဒ ပြည့်မြောက်ခဲ့တာလို့ ခရိုအေးရှားလက်ရွေးစင်၊ တော့တင်ဟမ် ကွင်းလယ်လူသစ် ပါရီဆစ်က ထုတ်ပြောလာပါတယ်။ အင်တာမီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ပါရီဆစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ တော့တင်ဟမ်က မနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ခဲ့တာပါ။

ပါရီဆစ်နဲ့ စပါးTV တို့ တွေ့ဆုံချိန်မှာ ပါရီဆစ်က “ဒီလိုနည်းပြတစ်ဦးနဲ့ အလုပ်တွဲလုပ်ဖို့ဆိုတာ အထူးအခွင့်အရေးတစ်ရပ်ပါပဲ။ ကျွန်တော်တို့ အင်တာမှာလည်း အကောင်းဆုံး လုပ်နိုင်ခဲ့ပြီးတော့ စီးရီးအေ ချန်ပီယံဆုကို ၁၀ နှစ် သို့မဟုတ် ၁၁ နှစ်လောက်အကြာမှာ ပြန်သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီနှစ်ကတော့ တကယ့်ကို ပြီးပြည့်စုံတဲ့နှစ်တစ်နှစ်ပဲ။ ကျွန်တော် သူနဲ့ နောက်တစ်ကြိမ်ပြန်ဆုံခွင့်ရတာ အရမ်းကို ပျော်ရွှင်မိပါတယ်။ ကွန်တီက နေ့ရက်တိုင်း၊ အချိန်တိုင်းမှာ ဘောလုံးနဲ့အတူ အသက်ရှင်သန်နေတဲ့လူပါ။ သူက အိပ်ပျော်နေရင်တောင် ဘောလုံးအကြောင်းပဲ တွေးနေတက်တာပဲ။ ကျွန်တော် သူရဲ့ စရိုက်လက္ခဏာကို ကြိုက်သလို ဒီကလပ်မှာလည်း ကျွန်တော်တို့ နောက်ထပ်ကြီးမားတဲ့အလုပ်တစ်ခုကို လုပ်ကြတော့မယ်ဆိုတာ ကျွန်တော်သိပါတယ်” လို့ ထုတ်ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတဲ့အပေါ် ပါရီဆစ်က သူ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ စတင်ချိန်ကတည်းက မက်ခဲ့ရတဲ့ အိပ်မက်တစ်ခု ပြည့်မြောက်ခဲ့တာလို့ ပြောပါတယ်။

သူက “ကျွန်တော် တော့တင်ဟမ်မိသားစုဝင်တွေနဲ့အတူ ခရီးလမ်းသစ်စတင်ရမယ့်အပေါ် အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ နောက်နှစ်နှစ်လောက်တော့ ဒီနေရာက ကျွန်တော့်ရဲ့အိမ်အဖြစ် ဆက်ရှိနေမှာပါ။ ကျွန်တော့်ဆီ နည်းပြနဲ့ အားကစားဒါရိုက်တာ ပါရာတီစီတို့ ဆက်သွယ်လာချိန်မှာ ကျွန်တော်ပြောခဲ့တာ ရှိပါတယ်။ ၂၀၀၉ ခုနှစ်၊ ဘယ်လ်ဂျီယံမှာ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ချိန်ကတည်းက ပရီးမီးယားလိဂ်မှာ ကစားဖို့ အမှန်တကယ်ဆန္ဒရှိတယ်ဆိုတာ သူတို့ကို ကျွန်တော် ပြောပြခဲ့ပါတယ်။ ဒါက အခုအချိန်ပဲဖြစ်လို့ ကျွန်တော် မစောင့်နိုင်တော့ဘူး”လို့ ဆိုပါတယ်။

တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ အချိန်အတိုင်းအတာတစ်ခုအထိစောင့်ကြည့်ခဲ့သလို တော့တင်ဟမ်ရဲ့ ရာသီကုန် ရလဒ်ပိုင်းကိုလည်း လေ့လာခဲ့တယ်လို့ ပါရီဆစ်က ထပ်ပြောပြပါတယ်။

အမှန်ပါပဲ။ ကျွန်တော် နောက်ဆုံး နှစ်ပွဲ၊ သုံးပွဲလောက်ကို ကြည့်ရင်း စောင့်နေခဲ့တာပါ။ အာဆင်နယ်ကို အနိုင်ရခဲ့ချိန်မှာတော့ တော့တင်ဟမ်က ချန်ပီယံလိဂ်ဝင်ခွင့်ရတော့မယ်ဆိုတာ သိသာလာပါတယ်။ ချန်ပီယံလိဂ် ဆိုတာလည်း ကျွန်တော့်အတွက် အလွန်ကောင်းတဲ့ပြိုင်ပွဲပါ။ ကျွန်တော်က ပရီးမီးယားလိဂ်လိုပဲ ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံး ပွဲတွေကို ကစားချင်တယ်၊ ကြီးမားတဲ့ အလုပ်တွေကို လုပ်ချင်တာပါ”လို့ ပါရီဆစ်က ဆိုပါတယ်။

တော့တင်ဟမ်က ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မြို့ခံပြိုင်ဘက်အာဆင်နယ်ကို နောက်ကောက်ချပြီး ရာသီကုန် ထိပ်သီးလေးသင်း စာရင်းဝင်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ပါရီဆစ်က ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ၊ ဘိုင်ယန်မြူးနစ်ရဲ့ အငှားကစားသမားဘဝမှာ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #အပြောင်းအရွှေ့ #ပါရီဆစ်