ရှေ့သို့
Image

မန်စီးတီးအတွက် ကစားပေးနေစဉ်မှာပဲ နည်းပြလိုင်စင် ရရှိသွားပြီဖြစ်တဲ့ ဒီဘရိုင်း

2:57 PM, 1 June

ကီဗင် ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ဖလားရပြီး တစ်ပတ်အကြာမှာပဲ ယူအီအက်ဖ်အေ Aလိုင်စင် ရရှိသွားခဲ့ပြီလို့ သိရပါတယ်။

ပီအက်ဖ်အေဆုကို လောလောလတ်လတ် ရထားတဲ့ ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံ အက်ဖ်အေထံကနေ နည်းပြလိုင်စင် ရရှိမယ့် ကစားသမား ၁၈ဦးထဲက ၁ဦး ဖြစ်ပါတယ်။ အသက်၃၀အရွယ် ကစားသမားဟာ မန်စီးတီးအတွက် ကစားပေးနေရင်း အကယ်ဒမီ ကစားသမားတွေကို လေ့ကျင့်ပေးကာ နည်းပြဘဝအတွက် ကြိုတင်လေ့ကျင့်နေခဲ့ပါတယ်။

အဆိုပါ အတွေ့အကြုံတွေကြောင့် ၂နှစ်ကြာမြင့်တဲ့ ယူအီးအက်ဖ်အေ သင်ခန်းစာတွေကို သင်ယူနိုင်ဖို့ ကူညီပေးခဲ့ပြီး ယခုအချိန်မှာတော့ လူငယ်အသင်း ဒါမှမဟုတ် ဥရောပအသင်း၁သင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

နည်းပြဘဝအကြောင်း ပြောရာမှာ ဒီဘရိုင်းက “ဂွါဒီယိုလာလို နည်းပြမျိုးနဲ့ အလုပ်လုပ်ရရင် အားကစားကို နောက်အမြင်တစ်မျိုးနဲ့ မြင်နိုင်မှာပါ။ ဘယ်လ်ဂျီယံနိုင်ငံအတွက် ပြန်အကျိုးပြုဖို့ ဒီလို အသိပညာတွေက လိုအပ်ပါတယ်” “ဒါကြောင့်လည်း ကျွန်တော် နည်းပြဘဝအကြောင်း ပြောနေတာပါ။ ကျွန်တော် နည်းပြလောကအတွက် စတင်သင်ယူနေပြီး သင်ခန်းစာတွေအတွက် ပြင်ဆင်ထားပါတယ်။ တစ်ချိန်ထဲမှာပဲ  ကျွန်တော် ဘောလုံးပြင်ပ ကြိုက်တဲ့အရာအချို့လည်း ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

နည်းပြ ရောဘတ်တို မာတီနက်ဇ်ရဲ့ အကြံပေးမှုနဲ့အတူ ဒီဘရိုင်းနဲ့ နာမည်ကျော် ဘယ်လ်ဂျီယံ ကစားသမားတွေဟာ နည်းပြလိုင်စင် ရရှိခဲ့ကြပါတယ်။ နည်းပြ လိုင်စင်ရခဲ့တဲ့အထဲ ဗာတွန်ဂမ်၊ တိုင်လေမန်း၊ ထရိုဆက်ဒ်၊ မစ်ဂ်နိုလက်၊ ဝစ်ဆဲလ်၊ ဗာမာယ်လန်းတို့လည်းပါဝင်ခဲ့ပါတယ်။

#မန်စီးတီး #ဒီဘရိုင်း