ရှေ့သို့
Image

သြစတြီးယား လက်ရွေးစင်အသင်းနဲ့ ပထမဆုံး ထရိန်နင် စတင်ခဲ့တဲ့ ရန်နစ်

12:27 PM, 1 June

မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြတာဝန်ကို ယူပေးခဲ့သူ နည်းပြရာ့ဖ်ရန်နစ်ကတော့ ယူနိုက်တက်ရဲ့ အကြံပေးရာထူးကို ဆက်ယူဖို့မဖြစ်နိုင်တော့ကြောင်း ကြေညာပြီး တစ်ရက်အကြာမှာတင် သြစတြီးယား လက်ရွေးစင်အသင်းရဲ့ ပထမဆုံးထရိန်နင်ကို စတင်လိုက်ပါတယ်။

၆၃ နှစ်အရွယ် နည်းပြကြီးဟာ ခရိုအေရှား၊ ဒိန်းမတ်၊ ပြင်သစ်တို့နဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေ မတိုင်မီ နိုင်ငံအသင်း လက်ရွေးစင်အဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရပြီး ဒီနေ့မှာတော့ ကစားသမားတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပြီး ထရိန်နင်ဆင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမနက်မှာတင် ရန်နစ်ကို သြစတြီးယားအသင်းသားတွေနဲ့အတူ ထရိန်နင်ကွင်းထဲမှာ မြင်တွေ့ခဲ့ရပြီး အိုးလ်ထရက်ဖို့်ဒ်မှာ ကျရှုံးခဲ့သမျှကို ပြန်အဖတ်ဆယ်နိုင်ဖို့ မျှော်လင့်ရပါတယ်။

လေ့ကျင့်ကွင်းထဲမှာတော့ ရန်နစ်ဟာ တိုက်စစ်မှူးကာရင်အိုနီဆီဝူနဲ့အတူ မြင်တွေ့ခဲ့ရပြီး ထရိန်နင်တစ်လျှောက်လုံးမှာလည်း အသင်းသားတွေက တက်ကြွစွာလေ့ကျင့်နေတာကို မြင်တွေ့ရပါတယ်။ ရန်နစ်ရဲ့ အသင်းဟာ ဇွန်လ ၃ ရက်နေ့မှာ ခရိုအေရှားနဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ပြီး ယူနိုက်တက်မှာကြုံတွေ့ခဲ့ရတဲ့ သိက္ခာကျသမျှကို မဖြစ်မနေ ပြန်လည်ချေဖျက်ရမှာလည်း ဖြစ်ပါတယ်။ ရန်နစ်ဟာ သြစတြီးယားအသင်း နည်းပြရာထူးကို အာရုံစိုက်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ၁ ရက်ကျော်ကမှ ယူနိုက်တက်မှာ နောက်ထပ် ၂ နှစ်ကြာ အကြံပေးရာထူးနဲ့ ဆက်နေမယ့် အစီအစဉ်ကို လက်မခံနိုင်တော့ကြောင်း ကြေညာခဲ့ပါတယ်။

သတင်းတွေအရတော့ ရန်နစ်ဟာ ပြီးခဲ့တဲ့လက နိုင်ငံအသင်းနည်းပြရာထူးကို လက်ခံခဲ့ပြီးနောက်မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ကြောင်း ဖော်ပြကြပါတယ်။ နှစ်ဖက်စလုံးကလည်း ရန်နစ်အနေနဲ့ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်ဖို့ဆိုတာ ခက်ခဲမှာဖြစ်ကြောင်း ဝန်ခံထားပြီး အခုလို တစ်ခုတည်းကို ရွေးချယ်သွားတာကို နားလည်မှုပေးခဲ့ကြပါတယ်။

သြစတြီးယားအသင်းနည်းပြအဖြစ်နဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရန်နစ်က “ကျွန်တော်အကြံပေးရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် ပိုကောင်းတယ်လို့လည်း သုံးသပ်မိပါတယ်။ ကလပ်အသင်းမှာရော၊ သြစတြီးယားလက်ရွေးစင်မှာပါ တစ်ပြိုင်တည်းလုပ်ဖို့ဆိုတာ ခက်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ နိုဝင်ဘာလက နည်းပြ အိုလီဂန်နာဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက်မှာ ရန်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်