ရှေ့သို့
Image

အီတလီနဲ့ လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံး ပွဲစဉ်ကို လှလှပပအဆုံးသတ်နိုင်ဖို့ ချီရယ်လီနီ ပစ်မှတ်ထားနေ

10:35 AM, 1 June

အီတလီ ဝါရင့်နောက်ခံလူ ချီရယ်လီနီက ယနေ့ည အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ လက်ရွေးစင် ကစားသမားဘ၀ နောက်ဆုံးပွဲကို လှလှပပနဲ့ အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ပြောခဲ့ပါတယ်။

ဥရောပချန်ပီယံ အီတလီအသင်းဟာ ကိုပါအမေရိကဖလားချန်ပီယံ အာဂျင်တီးနားနဲ့ ဖိုင်နယ်လစ်ဆီမာပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အီတလီနည်းပြ မန်စီနီဟာ ယနေ့ညပွဲစဉ်ကို ခေတ်တစ်ခေတ်ကုန်ဆုံးခြင်းလည်း နာမည်ပေးကာ လက်ရွေးစင်ကနေ အနားယူတော့မယ့် ကစားသမားတွေကို ပွဲထွက်ခွင့်ပေးဖွယ် ရှိနေပါတယ်။

နိုင်ငံတကာနောက်ဆုံးပွဲ ကစားရမယ့်အပေါ် ခံစားချက်ကို မေးမြန်းရာမှာ ချီရယ်လီနီက “အဲ့ဒါက လှပပါတယ်။ အာဂျင်တီးနားမှာ သူမတူတဲ့ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ ပထမဆုံး မျက်လုံးထဲပေါ်လာတာ မက်ဆီဖြစ်ပေမဲ့ သူ့ဘေးက ကစားသမားတွေကလည်း အရမ်းကောင်းပါတယ်။ သူတို့ ကိုပါအမေရိကဖလားကို မတော်တဆ ရခဲ့တာ မဟုတ်ပါဘူး” “မက်ဆီက ဂန္တဝင်ဘောလုံးသမားပါ။ သူက သမိုင်းတစ်လျောက် အကောင်းဆုံးကစားသမား ဟုတ်မဟုတ်ဆိုတာကတော့ ကျွန်တော် ပြောခွင့်မရှိပါဘူး။ ကျွန်တော်ရဲ့ နိုင်ငံတကာနောက်ဆုံးပွဲကို သူနဲ့ ရင်ဆိုင်ပြီး အဆုံးသတ်ရတာ ဝမ်းသာရပါတယ်” “ခုလို နှုတ်ဆက်ရတာက ကျွန်တော် မျှော်မှန်းထားတာထက် ပိုကောင်းမယ်ဆိုတာ သေချာပါတယ်။ ငယ်စဉ်ကတည်းက ထိပ်ဆုံးအဆင့်ဖြစ်တဲ့ နိုင်ငံအသင်းအတွက် ကစားပေးဖို့ အမြဲအိပ်မက်မက်ခဲ့ရတာပါ” “၁၈နှစ်အတွင်း အသင်းခေါင်းဆောင်အဖြစ် ပွဲပေါင်း၁၀၀ကျော် ကစားပေးခဲ့ရကာ မနှစ်က ဝင်ဘလေမှာလို အရေးပါတဲ့ ဖလားတွေ ကိုင်မြောက်နိုင်ခဲ့တာက စိတ်လှုပ်ရှားမှုအပြည့်ကို ပေးစွမ်းပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ချီရယ်လီနီက “ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှိနေပါတယ်။ ကျွန်တော် ကစားသမားဘဝတစ်လျောက် ရခဲ့တဲ့ အောင်မြင်မှုတွေအတွက် အလွန် ဂုဏ်ယူကာ ဝမ်းသာမိပါတယ်”လို့ ဆိုခဲ့ပါတယ်။

#အီတလီ #အာဂျင်တီးနား #ချီရယ်လီနီ