ရှေ့သို့
Image

ဟာလန်း၊ အယ်ဗာရက်ဇ်တို့အပြီး ကစားသမားသစ်တွေ ထပ်ခေါ်ဦးမယ်လို့ မန်စီးတီး ဥက္ကဌအတည်ပြု

8:35 AM, 31 May

မန်စီးတီးဥက္ကဌ အယ်မူဘာရက်က ဟာလန်း၊ အယ်ဗာရက်ဇ်တို့အပြီး ကစားသမားသစ်တွေ ထပ်ခေါ်ဦးမယ်လို့ အတည်ပြုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဆုဖလားကို လီဗာပူးအား ၁မှတ်အသာနဲ့ ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် စီးတီးတို့ ပြီးခဲ့တဲ့ ၅ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၄ကြိမ်အထိ ဆွတ်ခူးထားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးတို့ လာမယ့်ရာသီအတွက် အချိန်မဆိုင်းဘဲ ပြင်ဆင်နေပြီး ဟာလန်းကို ဒေါ့မွန်ကနေ ခေါ်ယူဖို့ သဘောတူညီမှု ရထားခဲ့ပါတယ်။ အလားတူ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကိုလည်း ချိတ်ဆက်လျက် ရှိနေပါတယ်။

အယ် မူဘာရက်က မန်စီးတီးအသင်းဟာ လာမယ့်နွေရာသီ အင်အားဖြည့်တင်းဖို့ လိုသေးကြောင်း ပြောခဲ့ပါတယ်။

မူဘာရက်က “ကစားသမားသစ်တွေ ထပ်ရောက်လာဦးမယ်လို့ အတည်ပြုနိုင်ပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့နေရာတွေကို ဖြည့်တင်းဖို့ ကစားသမား ရှာဖွေနေပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရာသီတိုင်း ကစားသမားအချို့က ထွက်သွားတာကြောင့် အသင်းကို ပြန်လည်ဖြည့်တင်းဖို့ လိုပါတယ်” “ကျွန်တော်တို့က အသင်းကို တိုးတက်စေဖို့နဲ့ အင်အားတောင့်စေဖို့ အမြဲကြိုးစားနေတယ်လို့ ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အရေးပါတဲ့ အင်အားဖြည့်တင်းမှု ပြုလုပ်ထားပြီ ဖြစ်ပေမဲ့ ထပ်ရောက်လာဦးမယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အမြန်ဆုံး ခေါ်ယူသွားမှာ ဖြစ်ပေမဲ့ ဈေးကွက်အခြေနေက ဘယ်လိုဆိုတာ ခင်ဗျားတို့ သိမှာပါ။ အဲ့ဒါက ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

အလားတူ မူဘာရက်က ကစားသမားသစ် ဟာလန်းကိုလည်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ဟာလန်း #ဂျူလီယန်အယ်ဗာရက်ဇ်