ရှေ့သို့
Image

အသင်းပရိသတ်များထံ နှုတ်ဆက်စကားပေးပို့လိုက်တဲ့ လီဗာပူးလော့ဒ် အိုရီဂီ

4:11 PM, 30 May

လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အေစီမီလန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ရှိနေသော တိုက်စစ်မှူး အိုရီဂီသည် လီဗာပူးပရိသတ်များထံ နှုတ်ဆက်စကား ပေးပို့ခဲ့သည်။ လတ်တလောနှစ်များအတွင်း အမှတ်ရစရာအခိုက်အတန့်တချို့ဖန်တီးပေးနိုင်ခဲ့သော ဘယ်လ်ဂျီယံသားသည် မာဆေးဆိုဒ်ကလပ်အတွက် ဂန္တဝင်တစ်ဦးအဖြစ် ထင်ရှားလာခဲ့သည်။

သမိုင်းဝင်ချန်ပီယံလိဂ်Comebackနိုင်ပွဲဖြစ်သော ဘာစီလိုနာကို အန်ဖီးလ်တွင် လေးဂိုးပြတ် အနိုင်ရသောပွဲစဉ် တွင် သွင်းဂိုး ၂ ဂိုးအပါအဝင် အသင်း၏ ခြောက်ကြိမ်မြောက် ဥရောပချန်ပီယံလိဂ်ဖလားအတွက် ဗိုလ်လုပွဲတွင် အဆုံးအဖြတ်သွင်းဂိုး သွင်းယူနိုင်မှုတို့အပြင် မြို့ခံပြိုင်ဘက် အဲဗာတန်ကို  နောက်ဆုံးမိနစ်သွင်းဂိုး စွမ်းဆောင်နိုင်ခြင်းတို့ကြောင့် လီဗာပူးပရိသတ်များအကြား အိုရီဂီမှာ ပိုမိုထင်ရှားလာခဲ့သည်။ သို့သော်လည်း ယခုရာသီ ပရီးမီးယားလိဂ် ၇ ပွဲသာ ကစားနိုင်ခဲ့မှုအပါအဝင် လုံလောက်သော ပွဲထွက်ခွင့် မရခြင်းတို့ကြောင့် အန်ဖီးလ်ကလပ်နှင့် အိုရီဂီတို့အကြား စာချုပ်မှာ သက်တမ်းတိုးခွင့် မရှိခဲ့ပေ။

အိုရီဂီက “ ကျွန်တော်တော့ ဒီကလပ်က လူတွေကို အမြဲ သတိရနေမှာပါ။ ကျွန်တော် ဒီမှာ ရှစ်နှစ်လောက်ရှိခဲ့ပါ တယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ ရည်ရွယ်ချက် ပြီးမြောက်သွားပြီလို့ ခံစားနေရပါတယ်။ ကလပ်ရဲ့ အနာဂတ်ဟာ လှပနေပြီးတော့ ဒီအသင်းဆီကနေ နောက်ထပ် အောင်မြင်မှုတွေ အများကြီးရလာဖို့ ရှိနေပါတယ်”ဟု နှုတ်ဆက်စကား ဆိုခဲ့သည်။

တချိန်တည်းမှာပင် လီဗာပူးဂန္တဝင် စတီဗင်ဂျရတ်က ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့သောချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အနီရောင်တပ်သားများမှာ အမှားများစွာကျူးလွန်ခဲ့ခြင်းမရှိဟု ခိုင်ခိုင်မာမာထုတ်ပြောလာခဲ့သည်။

“ဒါက တကယ့်ကို ခေါင်းကုတ်စရာပဲ။ လီဗာပူးက အမှားတွေအများကြီးကျူးလွန်မိတယ်လို့တော့ ကျွန်တော်မမြင်ပါဘူး။ အိုကေ၊ သူတို့အနေနဲ့ အခွင့်အရေးတွေကို အသုံးချဖို့ လက်တွေ့ကျကျမလုပ်ခဲ့တာမျိုး တော့ ရှိတာပေါ့။ ဒါပေမယ့် ဖိုင်နယ်တစ်ခုမှာ ပြိုင်ဘက်ရဲ့ဂိုးသမားက ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆု ရသွားတယ်လေ။ ရီးရဲလ်က ခံစစ်ပိုင်းမှာ တကယ့်ကိုထိပ်တန်းအဆင့် ပြသနိုင်ခဲ့ပါတယ်။ ကွင်းကို ပိတ်ဆို့ထားတဲ့ ရီးရဲလ်ရဲ့ ခံစစ်ကစားပုံက တကယ့်ကို အံ့မခန်းပါ။ မိနစ် ၉၀ ကျော်ကို သူတို့ဟာ ပိတ်ဆို့ကာကွယ်နိုင်ခဲ့သလို တစ်ဦးချင်းလည်း ခုခံသွားခဲ့ပါတယ်။ နေရာယူပုံတွေမှာလည်း သူတို့က အကောင်းဆုံး ခုခံဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ အမှားအယွင်းမရှိ လီဗာပူးပြန်လာပါလိမ့်မယ်။ ဒီလိုအတွေ့အကြုံတွေကနေ သင်ယူစရာတွေ အများကြီး ရပါတယ်။ ဒီပွဲက မင်းဘဝရဲ့ အကောင်းဆုံးပွဲ(သို့မဟုတ်) အဆိုးဆုံးပွဲ ဖြစ်ချင်လည်း ဖြစ်လိမ့်မယ်။ သူတို့က နောက်နှစ်မှာ ဒီလိုမျိုးအောင်မြင်မှုကို မရရအောင် ပြန်ကြိုးစားပါလိမ့်မယ်”ဟု ဂျရတ်က ဆိုသည်။

#လီဗာပူး #အိုရီဂီ