လီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် သတ်မှတ်တန်ကြေးပေးဖို့ တွန့်ဆုတ်နေတဲ့ ဘင်ဖီကာ
11:32 AM, 30 May
ဘင်ဖီကာအသင်းဟာ အာဆင်နယ် ဂိုးသမား ဘာ့ဒ်လီနိုကို ဒီနွေရာသီမှာ ခေါ်ယူဖို့စိတ်ဝင်စားပေမယ့် ဂန်းနားတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈.၅ သန်းကိုတော့ ပေးဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။ လီနိုဟာ သူ့ရဲ့ပွဲထွက်ဂိုးသမား နေရာကို အာရွန်ရမ်စ်ဒယ်ထံ လွှဲပြောင်းပေးခဲ့ရပြီးနောက် ဒီနွေရာသီမှာပဲ အာဆင်နယ်ကနေ ထွက်ခွာဖို့ ပြင်ဆင်လျက်ရှိပါတယ်။
The Sun သတင်တွေအရ ဘင်ဖီကာကတော့ လီနိုရဲ့ဦးတည်ရာဖြစ်ပေမယ့် နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့တော့ ခဲယဉ်းနေပါတယ်။ အာဆင်နယ်ဟာ အရန်ဂိုးသမားနေရာအတွက် နယူးအင်္ဂလန်အသင်းက အမေရိကန်လူမျိုးဂိုးသမား မတ်တာနာကို ခေါ်ယူခဲ့ပြီးဖြစ်လို့ လာမယ့် ဇူလိုင်လမှာ အသင်းနဲ့ ပူးပေါင်းသွားမှာပဲ ဖြစ်ပါတယ်။
လီနိုဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲထွက်ခွင့် ၄ ကြိမ်သာ ရရှိခဲ့ပြီး ပြိုင်ပွဲစုံ စုစုပေါင်းမှ ၈ ပွဲသာ ကစားခွင့် ရရှိခဲ့ပါတယ်။ အသက် ၃၀ အရွယ် ဂိုးသမားဟာ လာမယ့်ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းရဲ့ လူစာရင်းထဲကို ပြန်လည်ပါဝင်လိုတာကြောင့်လည်း အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ လီနိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက နိုင်ငံလက်ရွေးစင်အသင်းရဲ့ ချန်လှပ်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။
လီနိုကို အာဆင်နယ်အသင်းက ၂၀၁၈ ခုနှစ်မှာ ပေါင် ၂၂.၅ သန်းထိပေးပြီး လေဗာကူဆင်အသင်းကနေ ခေါ်ယူခဲ့ရတာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၁၂၅ ပွဲကစားပေးခဲ့ပါတယ်။ သတင်းတွေအရတော့ အာဆင်နယ်ကနေ ထွက်ခွာမယ့် အခြားကစားသမားတွေလည်း အများအပြား ရှိနေပါတယ်။ မတ်တီယိုဂွမ်ဒိုဇီနဲ့ ကွန်စတက်တီနို့စ်မာဗရိုပါနိုတို့ဆိုရင် မာဆေးလ်နဲ့ စတုဂတ်တို့ကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး ဖြစ်ပါတယ်။
ဟတ်တာဘယ်လာရင်၊ ပါဘလိုမာရီ၊ အင်စလေမစ်လန်းနိုက်စ်နဲ့ လုကပ်စ်တော်ရဲယားတို့ဟာလည်း ဒီရာသီမှာ အငှားထွက်ကစားခဲ့ကြပြီးနောက် အပြီးသတ်ထွက်ခွာကြတော့မှာလည်း ဖြစ်ပါတယ်။