ရှေ့သို့
Image

ယာဂန်ကလော့ပ်၏ စွမ်းရည်အပေါ် ထုတ်ဖော်ချီးကျူးလိုက်တဲ့ မိန့်ဇ် အကြီးအကဲ

3:30 PM, 27 May

လက်ရှိလီဗာပူးနည်းပြ ယာဂန်ကလော့ပ်၏ စွမ်းဆောင်ရည်အပေါ် မိန့်ဇ်အသင်း အမှုဆောင်မန်နေဂျာ ခရစ္စတီယန်ဟိုင်ဒယ်လ်က ထုတ်ဖော်ချီးကျူးခဲ့သည်။ ယာဂန်ကလော့ပ်သည် ဂျာမန်ဘွန်ဒက်လီဂါတွင် မိန့်ဇ်၊ ဒေါ့မွန်တို့ကို ကိုင်တွယ်ခဲ့ပြီး အသိအမှတ်ပြုလောက် စရာ အောင်မြင်မှုများကို စွမ်းဆောင်ခဲ့ပြီး လက်ရှိလီဗာပူးနှင့်လည်း ဥရောပဘောလုံးလောကအထိ အောင်မြင်မှု များရရှိအောင် လုပ်ဆောင်ထားသည်။

ယာဂန်ကလော့ပ်ကို ၂၀၀၁ ခုနှစ်တွင် မိန့်ဇ်နည်းပြအဖြစ်ခန့်အပ်ခဲ့ပြီးနောက် ရင်းနှီးသောဆက်ဆံရေးရှိသူ ဟိုင်ဒယ်လ်က “ကလော့ပ်က လူမှန်တစ်ယောက်ပဲ။ သူက မနက်အစောကြီးအိပ်ရာထတက်တဲ့သူ မဟုတ်သလို အနာဂတ်အတွက် ကြိုပြီးတွေးတောစဉ်းစားနေတက်တဲ့သူမျိုးလည်း မဟုတ်ဘူး။ သူ့မှာ အလွန်မြင့်မားတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လူမှုဆက်ဆံရေးစွမ်းရည် ရှိတယ်။ သူက ရှုံးနိမ့်မှုတွေဆီကနေ ခွန်အားတွေ ရရှိနေတယ်ဆိုတာကို သူလည်းသိပါတယ်။ ဒါမျိုးတွေကို မိန့်ဇ်မှာရော၊ ဒေါ့မွန်မှာရော၊ လီဗာပူးနဲ့ အစပိုင်းမှာရော သူ့မှာ ရှိခဲ့ဖူးပါတယ်။ လောကဓံတရားကို နားလည်ထားသူတစ်ယောက်အနေနဲ့  ဒီလောကဓံတရားဆီကပဲ ခွန်အားတွေရရှိစေသလို ပိုပြီး သန်မာလာစေပါတယ်။ သူ့ရဲ့ အလွန်မြင့်မားတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေ ကြောင့် ဒီလိုဘဝဒဿနတွေကို ပရိသတ်တွေနဲ့  ကစားသမားတွေ၊ သူတာဝန်ယူနေတဲ့ ကလပ်အတွင်းက လူတွေဆီ ပေးဖို့ လွယ်ကူစေပါတယ်။ ဒီလို အသိပညာတွေကလည်း ကလော့ပ်ရဲ့ နှလုံးသားဆီကနေ လာတာပါ” ဟု ရှင်းပြသည်။

ယာဂန်ကလော့ပ်သည် သူ၏အလုပ်အပေါ် စိတ်အားထက်သန်စွာ ပြင်းပြင်းထန်ထန်အားထုတ်လေ့ရှိမှုကြောင့် မကြာခဏဝေဖန်ခံရလေ့ရှိသည်။

ယင်းအပေါ် ဟိုင်ဒယ်လ်က “ကျွန်တော်တို့က မိတ်ဆွေတွေပါ။ ကလော့ပ်အကြောင်းလည်း ကျွန်တော်ကောင်းကောင်းသိပါတယ်။ ကျွန်တော် ခင်ဗျားကို ပြောပြနိုင်တဲ့အရာက ကလော့ပ်ဆိုတာ ဒီအတိုင်းပဲဆိုတာပဲ။ သူ သရုပ်ဆောင်နေတာ မဟုတ်ဘူး။ သူက သရုပ်ဆောင်တစ်ဦးမဟုတ်သလို အဲ့ဒီလိုအချိန်တွေမှာ သူလုပ်နေတာတွေကြောင့် သူရဲ့စိတ်က ဘာမှမပြောင်းလဲသွားဘူး။  ကလော့ပ်က ကလော့ပ်ပါပဲ၊ ဘာမှ မပြောင်းလဲသွားပါဘူး။ သူက ကျွန်တော်တို့ရဲ့ ကလော့ပ်ကြီးပါပဲ။ သူ့ကို လူတွေက အကောင်းဆုံးအရှုံးသမားလို့ပြောကြတာကို ကျွန်တော် မှတ်မိနေသေးပါတယ်။ အခုတော့ ကလော့ပ်က ချန်ပီယံလိဂ်ဖလားကြီး အနိုင်ရဖူးပြီးပါပြီ။ ပဲရစ်မှာ ချန်ပီယံလိဂ်ဖလားကြီးကို ကျွန်တော့်မိတ်ဆွေ နောက်တစ်ကြိမ်ထပ်အနိုင်ရခဲ့ရင်လည်း ကျွန်တော် သူ့ကို အားပေးဖို့ အဲ့ဒီနေရာမှာ ရှိနေမှာပါ။ မိန့်ဇ်မှာရော၊ ဒေါ့မွန်မှာရော၊ လီဗာပူးမှာပါ အတူတူပါပဲ။ အချိန်တိုင်းမှာ ကလော့ပ်က ပြဿနာကြီးကြီးမားမားတွေနဲ့ စတင်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အနိုင်ရသူက ယာဂန်ကလော့ပ်ဆိုတဲ့ သူပါပဲ”ဟု ဆက်လက်ပြောဆိုသည်။

#လီဗာပူး #မိန့်ဇ် #ကလော့ပ်