ရှေ့သို့
Image

အာဆင်နယ်မှာ လစာ တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ယူပြီး ဆက်ရှိနေတော့မယ့် အန်ခီတီယာ

9:25 AM, 26 May

အက်ဒီ အန်ခီတီယာဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တိုးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ နွေရာသီ စာချုပ်သက်တမ်း ကုန်တော့မယ့် ကစားသမားကို နောက်ဆုံးအကြိမ်အဖြစ် စာချုပ်သစ်ကမ်းလှမ်းမှု လုပ်ခဲ့တာပါ။

အန်ခီတီယာဟာ ယခင်က စာချုပ်သစ်ကမ်းလှမ်းမှုတွေ ပယ်ချခဲ့ပေမဲ့ ယခုအချိန်မှာတော့ နောက်ဆုံး ကမ်းလှမ်းချက်ကြောင့် အသင်းမှာ ဆက်နေဖို့ စိတ်ပြောင်းသွားခဲ့ကြောင်း သိရပါတယ်။ အန်ခီတီယာတစ်ယောက် ပြီးခဲ့တဲ့ ၁၂လအတွင်း ပွဲကစားချိန် သိပ်မရခဲ့တာကြောင့် အသင်းက ထွက်ခွာဖို့ပဲ ကြိုးစားနေခဲ့ပါတယ်။

အာဆင်နယ်က ပဲလေ့စ်အပါအဝင် ဥရောပအသင်းတွေ စောင့်ကြည့်နေတဲ့ ကစားသမားကို အလွတ်နဲ့ ဆုံးရှုံးရမယ့်အပေါ် စိုးရိမ်လျက် ရှိနေပါတယ်။ ဒါပေမဲ့ ရာသီကုန် နေရာရလာကာ ပရီးမီးယားလိဂ် ၈ပွဲမှာ ၅ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ယခုအချိန်မှာတော့ စာချုပ်သစ်ချုပ်ဖို့ နီးစပ်လာခဲ့တယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ အယ်နန်နီကိုလည်း ၁နှစ်စာချုပ်သက်တမ်း တိုးထားခဲ့ပြီး ယခု အန်ခီတီယာအတွက်ပါ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အာတီတာကလည်း ၁ရာသီလုံးလိုလို အင်္ဂလန်သားကို အရန်ခုံထိုင်ခိုင်းထားရတာ မမျှတဘူးလို့ ခံစားရကြောင်း ဝန်ခံထားခဲ့ပါတယ်။

သတင်းတွေအရ အန်ခီတီယာဟာ အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀အထိ လစာတိုးသွားမှာဖြစ်သလို လက်မှတ်ထိုးကြေး ပေါင် ၅သန်းလည်း ရမှာဖြစ်ကာ ၅နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

#အာတီတာ #အာဆင်နယ် #အန်ခီတီယာ