ရှေ့သို့
Image

အဲဗာတန် ပရိသတ် တစ်ဦးကို ဆောင့်ကန်ခဲ့ပေမယ့် အရေးယူခြင်းခံရမှာမဟုတ်တဲ့ ဗီအဲရာ

10:56 AM, 24 May

ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ပက်ထရစ်ဗီအဲရာက ပြီးခဲ့တဲ့အပတ်က အဲဗာတန်ပရိသတ်တစ်ဦးကို ကန်ခဲ့ပေမယ့် အရေးယူခြင်းခံရမှာမဟုတ်ဘူးလို့ သိရပါတယ်။

ပဲလေ့စ်နည်းပြဟာ အဲဗာတန်အသင်းက ၃-၂ ဂိုးနဲ့အနိုင်ရရှိပြီး ကွင်းထဲကို အဲဗာတန်ပရိသတ်တွေ ဝင်ရောက်အောင်ပွဲခံချိန်မှာ ပရိသတ်တစ်ဦးနဲ့ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။ ရုပ်သံပြကွက်တွေမှာတော့ ဗီအဲရာဟာ အဆိုပါအဲဗာတန်ပရိသတ်ကို ကန်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

မာဆေးလ်ဆိုက်ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့ပြီး အတည်ပြုပြောကြားရာမှာ “ကျွန်တော်တို့ ပဲလေ့စ် နဲ့ အဲဗာတန်ပွဲကဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဗာတန်အသင်းနဲ့လည်း အလုပ်အတူတူ တွဲလုပ်ပြီး ရနိုင်သမျှ စီစီတီဗွီတွေ စစ်ဆေးနေသလို တာဝန်ရှိသူတွေနဲ့လည်း စကားပြောနေပါတယ်။ ပြီးတော့ ဒီမှာပါဝင်ခဲ့တဲ့သူတွေကိုလည်း စကားပြောနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဗီအဲရာက အင်္ဂလိပ်ဘောလုံးလောကရဲ့ကွင်းတွင်းဖြစ်ရပ်ကို သတိပေးပြောကြားလိုက်ပါတယ်။ “အဲဗာတန်ပွဲဖြစ်ရပ်ကတော်တော်လေးကိုကြီးမားပါတယ်။ ပရီးမီးယားလိဂ်ကိုကြည့်မယ်ဆိုရင် အဲ့လိုမျိုးဖြစ်ရပ်တွေအများကြီးရှိနေပါတယ်။ အဲ့တာက ပြဿနာဖြစ်လာနိုင်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အဲ့လိုဖြစ်ရပ်တွေကို သေချာလေးကိုင်တွယ်ပေးဖို့ လိုအပ်ပါတယ်။ ဘာဖြစ်မလဲဆိုတာကို မသိနိုင်ပါဘူး။ ဘာဖြစ်မလဲမသိတဲ့အချိန်ကျရင် ကစားသမားတွေအတွက် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ ဘေးအကင်းဆုံးအနေအထားတစ်ခုကို လိုချင်တာပါ။ နည်းပြတစ်ဦးအနေနဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေဘေးကင်းတာကိုပဲ လိုချင်တာပါ။  အခုဖြစ်ရပ်က ကြီးမားတဲ့အတွက် အက်ဖ်အေနဲ့ ပရီးမီးယားလိဂ်အနေနဲ့ တစ်ခုခုလုပ်သင့်ပါတယ်”လို့ ဗီအဲရာက ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း စီးတီးနဲ့ ဗီလာအသင်းပွဲမှာ ဗီလာဂိုးသမား အော်လ်ဆင်တစ်ယောက် စီးတီးပရိသတ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရသေးတာဖြစ်ပါတယ်။ စီးတီးကတော့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ကာ တောင်းပန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

#အဲဗာတန် #ခရစ္စတယ်ပဲလေ့စ် #ဗီအဲရာ