ရှေ့သို့
Image

ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ကို သတိပေးစကားဆိုလိုက်တဲ့ ယူနိုက်တက် နည်းပြသစ် တန်ဟက်

9:55 AM, 24 May

ယူနိုက်တက်နည်းပြသစ် တန်ဟက်က မန်စီးတီးနဲ့ လီဗာပူးတို့ကြီးစိုးနေတာကို သတိပေးစကားဆိုလိုက်ပြီး ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ကို ရင်ဆိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

စီးတီးဟာ တနင်္ဂနွေနေ့က ဗီလာအသင်းကို နောက်ကနေလိုက်ကစားပြီး ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ၅ ရာသီ အတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးက ပြည်တွင်းဖလား ၂ လုံးအပြင် စနေနေ့မှာ ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၃ ဖာဂူဆန် လက်အောက်မှာ ပရီးမီးယားလိဂ်ဖလားနောက်ဆုံးရရှိခဲ့တာဖြစ်ပြီး အဲ့နောက်ပိုင်း ၅ နှစ်ဆက် ဆုဖလားလက်မဲ့ဖြစ်ခဲ့ပေမယ့် တန်ဟက်က စီးတီး နဲ့ လီဗာပူးတို့ကို အားပြိုင်နိုင်လိမ့်မယ်လို့ အကောင်းမြင်နေပါတယ်။

“အခုချိန်မှာ ကျွန်တော်သူတို့ ၂ သင်းကို အားကျနေပါတယ်။ သူတို့က တကယ်ကောင်းတဲ့ဘောလုံးကစားဟန်နဲ့ ကစားခဲ့ကြပါတယ်။ ဒါပေမယ့် တခါတလေမှာ ခေတ်တခေတ်က အဆုံးသတ်တယ်ဆိုတာကို မြင်တွေ့ကြမှာပါ။ ကျွန်ောတ်သူတို့နဲ့ အားပြိုင်ချင်နေပါပြီ။ အခြားပရီးမီးယားလိဂ်အသင်းတွေလည်း အဲ့လိုလုပ်ချင်နေမယ်ဆိုတာ ကျွန်တော် အသေချာပြောရဲပါတယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရမှတ် ၉၃ မှတ်နဲ့ ရယူနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးက ဒုတိယနေရာမှာ ရမှတ် ၉၀ နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ရမှတ် ၅၈ မှတ်နဲ့ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး စီးတီးနဲ့ မိုယက်ချ်လက်ထက် ၂၀၁၃ - ၁၄ ရာသီတုန်းက ပိုကွာဝေးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကို နာမည်ကြီးကစားသမားတွေနဲ့ နည်းပြတွေပြောင်းလာခဲ့ပေမယ့် ထင်သလောက် အကျိုးမပြုနိုင်ခဲ့တာဖြစ်ပါတယ်။

“စွန့်စားမှုတစ်ခုလို့ ကျွန်တော်မမြင်ပါဘူး။ ဒီအသင်းက ကြီးမားတဲ့သမိုင်းရှိပါတယ်။ အခု အဲ့တာက အနာဂတ်ကို လုပ်ဆောင်ရမှာပါ။ ဒီမှာရှိတဲ့သူတွေနဲ့ အလုပ်တွဲလုပ်ဖို့ စိတ်လှုပ်ရှားနေပါပြီ။ ကျွန်တော်တို့ ဝန်ထမ်းအဖွဲ့ထဲကို လူသစ်အချို့ခေါ်ဆောင်လာပါမယ်။ ပြီးတော့ အသင်းအနေအထားကို သုံးသပ်ပြီး တစ်နေ့ချင်း အလုပ်ကြိုးစားကာ အောင်မြင်မှုရယူချင်ပါတယ်။ ပရောဂျက်တစ်ခုက အချိန်တစ်ခုလိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီအသင်းအကြောင်းသိပါတယ်။ ပြီးတော့ အေဂျက် နဲ့ ဘိုင်ယန်မှာလည်း အတွေ့အကြုံရှိခဲ့ပါတယ်။ ပွဲတိုင်းအနိုင်ရလိုတယ်ဆိုရင် တစ်ပွဲချင်းစီကို အာရုံစိုက်ရပါမယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ဂွါဒီယိုလာ #ကလော့ပ် #အဲရစ်တန်ဟက်