ရှေ့သို့
Image

အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီလို့ ဆိုလိုက်တဲ့ ဖာနန်ဒင်ဟို

1:48 PM, 23 May

မန်စီးတီးကစားသမား ဖာနန်ဒင်ဟိုဟာ မန်စီးတီးအသင်းနဲ့အတူ ငါးကြိမ်မြောက် ပရီးမီးယားလိဂ်ကို ရယူနိုင်ခဲ့ပြီး အိပ်မက်တွေ တကယ် ဖြစ်လာခဲ့ပြီလို့ ဆိုလိုက်ပါတယ်။ အထူးသဖြင့် သူဟာ ဒီရာသီကုန်ချိန်မှာ မန်စီးတီးအသင်းက ထွက်ခွာသွားတော့မှာလဲ ဖြစ်ပါတယ်။

ဒီဘရာဇီးသားဟာ မန်စီးတီးအသင်းကို ၂၀၁၃ ခုနှစ်မှာ ပြောင်းရွေ့လာခဲ့ပြီး အသင်းနဲ့အတူ ၂၀၁၄ ၊ ၂၀၁၈ ၊၂၀၁၉ ၊ ၂၀၂၁ နဲ့ ၂၀၂၂ တို့မှာ ပရီးမီးယားလိဂ် ဖလားကိုရယူနိုင်ခဲ့ပါတယ်။ အစပိုင်းမှာ အက်စတွန်ဗီလာ အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ထားလို့ အတော်လေးရုန်းကန်ခဲ့ရပြီး ပွဲပြီးချိန်မှာတော့ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ်ရာကောင်းအောင် အနိုင်ရယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို အနိုင်ရဖို့ လိုခဲ့ပြီးတဖက်မှာ လီဗာပူးအသင်းဟာ ဝုဒ်အသင်းကို ၃-၁ နဲ့ နိုင်နေခဲ့လို့ တကယ်လို့သာ မန်စီးတီးဟာ သရေရလဒ်ထွက်ပေါ်ခဲ့လျှင် ဖြစ်ဖြစ် ရှုံးနိမ့်ခဲ့လျှင် ဖြစ်ဖြစ် လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလားကို ရယူသွားနိုင်မှာပါ။

"ကျွန်တော့်အနေနဲ့ မန်စီးတီးမှာ ကိုးနှစ်ကြာကစားခဲ့တဲ့ ကစားသမားဘဝ နောက်ဆုံးရာသီမှာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ငါးကြိမ်မြောက်ကို ရယူသွားချင်တဲ့ အိပ်မက်တွေ တကယ် ဖြစ်လာခဲ့ပါပြီ" "အသင်းက ကစားသမားတွေက တကယ့်ကို ကောင်းမွန်လွန်းပါတယ်။ ဒီလို ကစားသမားအချင်းချင်းစည်းလုံးညီညွတ်မှုမျိုးကို ကျွန်တော် အရင်က တခါမှ မကြုံဖူး မရရှိဖူးပါဘူး။ ဒီကစားသမားတွေ အကုန်လုံးက ကျွန်တော်တို့ရဲ့ ညီအကိုတွေပါ အဲ့ဒါက ပရီးမီယားလိဂ် ဖလားရတာထက်ကို ပိုပါတယ်"

"ကျွန်တော့်အနေနဲ့ နည်းပြကို ကျေးဇူးတင်လိုပါတယ်။ ပြီးနောက် နောက်က ကူညီပံ့ပိုးပေးတဲ့ ဝန်ထမ်းတွေ အားလုံးကိုရောပေါ့။ ကစားသမားတွေအနေနဲ့ ကျွန်တော်တို့ အားလုံး ပေးဆပ်ပြီးပါပြီ ကျွန်တော်တို့ အောင်မြင်မှု ရဖို့ လိုအပ်ပါတယ်။ နောက်ကနေ ထောက်ပံ့ပေးမှုတွေက ကျွန်တော်တို့ ကွင်းထဲမှာ ကစားဖို့အတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးတာပါ။ အဲ့ဒါတွေ မရှိလို့ကတော့ ဆုဖလားကို ရယူနိုင်မှာမဟုတ်ပါဘူး" "ပရီးမီးယားလိဂ်ဖလားကို ငါးနှစ်အတွင်း လေးကြိမ်ရယူနိုင်ခဲ့တာက အရမ်းကိုပဲ ကောင်းလွန်းပါတယ်။ ကမ္ဘာမှာ ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လိဂ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲကာလအရှည်ကြီးမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းကို တသတ်မတ်ထဲ ဖြစ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။  ဒါဟာ မန်စီးတီးကို ဘယ်လို တည်ဆောက်ထားနိုင်ခဲ့တယ်ဆိုတာရဲ့ သက်သေလဲ ဖြစ်ပါတယ်" "ကျွန်တော်က ဒီရာသီကုန်လျှင် အသင်းက ထွက်ခွာသွားတော့မှာပါ။ ဒါပေမယ့် အနာဂတ်မှာလည်း မန်စီးတီးအသင်းဟာ အောင်မြင်မှု ရရှိနေဦးမယ်ဆိုတာ သေချာပါတယ်"လို့ဖာနန်ဒင်ဟိုက ဆိုပါတယ်။

ဖာနန်ဒင်ဟိုဟာ ရာသီအစမှာ ဒီရာသီကုန်လျှင် အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တာပါ။ ထို့အတူ နည်းပြပက်ကလဲ အံ့ဩခဲ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ၃၇ နှစ်အရွယ်  ဖာနန်ဒင်ဟိုက ရာသီကုန်လျှင် အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောကြားခဲ့ချိန်မှာ နည်းပြ ပက်ကလဲ ကြိုတင်မသိရှိထားတဲ့အတွက် အံ့ဩခဲ့ရပါတယ်။ သူဟာ နောက်ရာသီမှာ ဘယ်အသင်းမှာ ကစားသွားမယ်ဆိုတာ မသေချာသေးပေမယ့် သူဟာ ဘရာဇီးကို ပြန်မယ်လို့ ပြောထားတာရှိပါတယ်။

#မန်စီးတီး #ဖာနန်ဒင်ဟို