ရှေ့သို့
Image

လာကာဇက်တီ ၊ အန်ခီတီယာတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ပြီးပြီဆိုတဲ့ အာတီတာ

1:39 PM, 23 May

အာဆင်နယ်နည်းပြ မီခယ်အာတီတာဟာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ မိုဟာမက်အယ်လ်နန်နီ ၊ အက်ဒီ အန်ခီတီယာ ၊ အလက်ဇန္ဒားလာကာဇက်တီတို့ရဲ့ အနာဂတ်တို့နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချမှတ်ပြီးပြီဟု အတည်ပြုပြောကြားလိုက်ပီး အသင်းက တရားဝင်ထုတ်ပြန်သည်အထိ သူ့အနေနဲ့ ပြောဆိုသွားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ထိုကစားသမား သုံးယောက်စလုံးဟာ ပါဝင်ကစားခဲ့ပြီး အန်ခီတီယာက သူ့ရဲ့ ပုံစံကောင်းအတိုင်း သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ အန်ခီတီယာနဲ့ လူစားလဲ ဝင်လာခဲ့တဲ့ လာကာဇက်ကတော့ ရာသီကုန်မှာ အသင်းကထွက်ခွာတော့မယ့် ပုံစံရှိနေပြီး ပွဲစကထဲက ပါဝင်လာခဲ့တဲ့ အန်နန်နီကတော့ ပွဲပြီးချိန်မှာသတင်းစာရှင်းလင်းပွဲ ခန်းထဲမှာ စာရွက်နဲ့ ဘောပင်ကိုင်ထားတဲ့ ပုံကို လူမှုကွန်ယက်မှာ တင်လာခဲ့တဲ့ အတွက် သူဟာ နောက်ရာသီမှာ အသင်းနဲ့ စာချုပ်ချုပ်ပြီး အသင်းမှာ ဆက်ရှိသွားနိုင်မယ်လို့ ယူဆရပါတယ်။

ရာသီကုန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် နောက်ထပ် ကစားသမားတစ်ယောက်ဖြစ်တဲ့ အန်ခီတီယာကတော့ အသင်းမှာ ဆက်ရှိနိုင်ချေနည်းနေပေမယ့် မနေ့က အဲဗာတန်နဲ့ ပွဲမှာ သူ့ရဲ့ ယခုနှစ် ပရီးမီးယားလိဂ် ငါးဂိုးမြောက်သွင်းဂိုးကို သွင်းယူထားခဲ့ပြီး တခြားသော ပရီးမီးယားလိဂ် ကလပ်တွေက ခေါ်ယူချင်နေပါတယ်။

"ကျွန်တော် ထိုကစားသမားသုံးယောက်ကို ဒီနေ့ သို့မဟုတ် မနက်ဖြန်မှာ တွေ့ဆုံစကားပြောသွားပါမယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကျွန်တော်တို့ ဖြစ်ချင်တဲ့အရာကို  ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ရှိပြီးသားပါ" "ဆုံးဖြတ်ပြီးသားဆိုပေမယ့် အသိပေးဖို့ အရမ်းခက်ပါသေးတယ်။ သူတို့ ဒီနေ့စွမ်းဆောင်ထားတာတွေက သူတို့နဲ့ထိုက်တန်တဲ့ အရာတွေပါ။ ဒါပေမယ့် ဒီလိုမျိုးကို အရင်အစောပိုင်းက ဆောင်ရွက်ပြထားနိုင်ခဲ့လျှင် တမျိုးတမည် ပြောင်းလဲ သွားမှာပါ။ သုံးယောက်ကို အခြေအနေသုံးမျိုးနဲ့ အခြေအနေက ကိုးယိုးကားယားနိုင်ပါတယ်။ ဒါ အသင်းအပေါ်လဲ သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ အရာကိုမှန်ကန်တဲ့ လမ်းကြောင်းအတိုင်း လုပ်ဖို့ ရှိပြီး တခါတရံ အဲဒီနှစ်ခုကို ပေါင်းလုပ်နိုင်ဖို့ ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ"

"ကျွန်တော့်နေရာကနေ ကျွန်တော်တို့လုပ်စရာရှိတဲ့ အရာကို လုပ်သွားမှာဖြစ်ပြီး ကျွန်တော်တို့ စဉ်းစားတာတွေက အသင်းအတွက် အကောင်းဆုံးဖြစ်စေဖို့စဉ်းစားထားတာဖြစ်ပြီးရှေ့ကို ဆက်သွားကြရမှာပါ။ ရိုးသားဖြောင့်မတ်စွာ ၊ ဂုဏ်သိက္ခာရှိစွာ လုပ်ရမှာဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ချင်းစီကလဲ သူတို့ရဲ့ အခြေအနေတွေကို သဘောပေါက်ပါတယ်။ တစ်ယောက်ချင်းဆီကို သူတို့အတွက် ထိုက်တန်တဲ့အရာတွေကို မျက်နှာချင်းဆိုင် အသိပေးသွားပါမယ်"လို့ အာတီတာ ဆိုပါတယ်။

#အာတီတာ #အာဆင်နယ် #လာကာဇက်တီ #အန်ခီတီယာ