ရှေ့သို့
Image

လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တဲ့ စတုန်းနှင့် ဝေါ်ကာတို့ကြောင့် အားတက်စရာဖြစ်လာတဲ့ မန်စီးတီး

10:26 AM, 20 May

ဗီလာနှင့်ကစားမယ့်ပွဲမတိုင်ခင် စတုန်းနှင့် ဝေါ်ကာတို့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တာကြောင့် မန်စီးတီးအတွက် သိသာတဲ့ အားတက်စရာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် အဆိုပါ အင်္ဂလန်ကစားသမား ၂ ဦးစလုံးဟာ လက်ကျန်ပွဲစဉ်တွေကို ကစားနိုင်တော့မှာမဟုတ်ပါဘူးလို့ ဂွါဒီယိုလာက ပြောဆိုခဲ့တာပါ။

နောက်ဆုံးရက်သတ္တပတ်မှာ မန်စီးတီးဟာ အခက်တွေ့နေပြီး ဒဏ်ရာတွေရရှိနေတဲ့ ရူဘန်ဒီးယက်စ်နှင့် အကီတို့ကလည်း ခံစစ်မှာ ကစားပေးနိုင်မှာမဟုတ်ပါဘူး။ တနင်္ဂနွေနေ့မှာ မန်စီးတီးဟာ ဂျရက်ရဲ့ အက်စ်တွန်ဗီလာနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရရှိပါက ၅နှစ်အတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဆုဖလားကို ရရှိမှာဖြစ်ပါတယ်။

ဝါရင့်ကွင်းလယ်ကစားသမားဖြစ်တဲ့ ဖာနန်ဒင်ဟိုနှင့် လာပေါ်တေးတို့က ခံစစ်မှာပါဝင်လာနိုင်ပြီး ဇင်ချန်ကိုက ဘယ်နောက်မှာပါဝင်လာဖွယ်ရှိနေပါတယ်။ ဝက်စ်ဟမ်းနှင့် သရေကျခဲ့တဲ့ပွဲမှာ မန်စီးတီးဟာ နောက်ကနေ ချေပဂိုး ၂ ဂိုးကို လိုက်လံသွင်းယူခဲ့ရတာဖြစ်ပြီး ဝေါ်ကာနှင့် စတုန်းတို့က အချိန်မီပြန်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။ မေလ ၄ ရက်နေ့ ရီးရဲလ်မက်ဒရစ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဝေါ်ကာက ဒဏ်ရာကြောင့် လူစားလဲခြင်းခံခဲ့ရပြီး ရာသီကုန်အထိ ပြန်မကစားနိုင်တော့ဘူးလို့ ဂွါဒီယိုလာက ထင်ခဲ့တာပါ။

ဝက်စ်ဟမ်းနှင့် သရေကျတဲ့ပွဲမတိုင်မီ အသက် ၃၁ နှစ်အရွယ် ကစားသမားက "ကျွန်တော့်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာက ကောင်းမွန်နေပြီလို့ ပြောချင်တာမဟုတ်ပါဘူး။ ပွဲစဉ် ၂ ပွဲမှာ ဆိုးရွားတဲ့ ဒဏ်ရာ၂ ခုရရှိခဲ့သော်လည်း ကျွန်တော်ကတော့ မျှော်လင့်နေမိတာပါ" "ရာသီမကုန်ခင်အထိ ကျွန်တော့်မှာ မျှော်လင့်ချက်ရှိပါတယ်။ အီသီဟက်မှာ အက်စ်တွန်ဗီလာနှင့်ပွဲရဲ့ မိနစ် ၉၀ မပြီးမချင်း မျှော်လင့်လို့ရပါတယ်"  "အင်္ဂလန်လက်ရွေးစင်အသင်းနှင့်မပူးပေါင်းမီ ၁ ပတ်အလိုမှာ မနက်ဖြန်အတွက် မျှော်လင့်ချက်တွေ ရှိပါသေးတယ်။ နောက်တစ်ပတ်အတွက်လည်း မျှော်လင့်ချက်ရှိပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ ရာသီမကုန်သေးသ၍ ကျွန်တော့်လည်း ပြီးဆုံးသွားမှာမဟုတ်ပါဘူး" လို့ ပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့ ရီးရဲလ်မက်ဒရစ်နှင့် ပထမအကျော့မှာကတည်းက တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ စတုန်းက အခုချိန်အထိ ပြန်မကစားနိုင်သေးတာပါ။ ခံစစ်မှုးဟာ အရင်ကတည်းက ကြွက်သားဒဏ်ရာရရှိထားတာဖြစ်ပြီး ရာသီကုန်အထိ ပြန်မကစားနိုင်တော့ဘူးလို့ ထင်ခဲ့ကြတာပါ။

သူ့ရဲ့ ပြန်ကစားနိုင်မှုက မန်စီးတီးအတွက် အားတက်စရာဖြစ်ပြီး လက်ရှိရာသီ သူနဲ့လာပေါ်တေးသို့ ဗဟိုခံစစ်မှာ ကစားတဲ့ပွဲတိုင်းမှာ မန်စီးတီးက ရှုံးပွဲမရှိနေတာဖြစ်ပါတယ်။ မေလ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အဆိုပါ အင်္ဂလန်သား ၂ ဦး ကစားနိုင်မလား မကစားနိုင်ဘူးဆိုတာကို ပြောဆိုသွားဖို့ရှိမှာဖြစ်ပါတယ်။

#မန်စီးတီး #ကိုင်လီဝေါ်ကာ #ဂျွန်စတုန်း