ရှေ့သို့
Image

ဘီလီရှက်ပ်ကို ဒဏ်ရာ ရစေခဲ့တဲ့ပရိသတ်ကို ထောင်ဒဏ်ချခိုင်းနေတဲ့ ရှက်ဖီးနည်းပြ

1:00 PM, 18 May

ချန်ပီယံရှစ် play-off ဆီမီးဖိုင်နယ်မှာ အနိုင်ရခဲ့တာကြောင့် နောက်တင်ဟမ်တို့ အောင်ပွဲခံရမယ့်ညတစ်ညဟာ ပွဲပြီးပြီးချင်း ရှက်ဖီးတိုက်စစ်မှူးဘီလီရှက်ပ်ကို ပရိသတ်တစ်ယောက် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အကျည်းတန်အရုပ်ဆိုးသွားခဲ့ရပါပြီ။

ပင်နယ်တီအပြီးအောင်ပွဲခံကြဖို့ ပရိသတ်တွေ ကွင်းထဲကိုဆင်းလာကြတဲ့အချိန်မှာ ပွဲထဲမှာပါဖို့ ကြံ့ခိုင်မှုမရှိသေးတဲ့အတွက် အရန်ခုံဧရိယာမှာမတ်တပ်ရပ်နေတဲ့ ရှက်ပ်ဆီကို ပရိသတ်တစ်ဦးက ပြေးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ထိုပရိသတ်ဟာ ရှက်ပ်မကြည့်လိုက်တဲ့ဖက်ကနေ ဝင်တိုက်ခဲ့တာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပါတယ်။

“ဘီလီက သူ့ဘာသာနေနေတာကို သက်သက်ကြီး ဝင်လုပ်တာပါ”လို့ နည်းပြ ပေါလ်ဟက်ကင်ဘက်တန်က ပြောပါတယ်။ “သူရဲ့ဘောကြောင့်တဲ့လုပ်ရပ်ပါ။ ဘီလီကို လွင့်ထွက်တဲ့အထိတိုက်လို့  ဒဏ်ရာကို ချုပ်တောင်ချုပ်လိုက်ရပါတယ်။ ဗီဒီယိုဖိုင်ကို ကြည့်လို့ရပါတယ်။ လူတွေက ကစားသမားတွေရဲ့ ဘေးကင်းမှုအကြောင်းပြောနေပေမဲ့ တစ်ခါမှလည်း ဘာမှမလုပ်ပေးကြပါဘူး”လို့ ဟက်ကင်ဘက်တန်က ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် ပင်နယ်တီမှာလူစွမ်းကောင်းဖြစ်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်ဂိုးသမား ဘရိုက်စ်ဆမ်ဘာရဲ့ ဆီမီးဖိုင်နယ်အောင်ပွဲညကတော့ ရုပ်ဆိုးခဲ့ရပြီပဲဖြစ်ပါတယ်။ ဆမ်ဘာဟာ ရှက်ဖီးယူနိုက်တက်ရဲ့ ပင်နယ်တီ ၃ လုံးကို ကာကွယ်ခဲ့တာဖြစ်ပြီး ဂစ်ဘ်ဝှိုက်ရဲ့ အရေးပါတဲ့ဂိုးကိုပါကာကွယ်ခဲ့တာကြောင့် မေလ ၂၉ ရက်နေ့မှာ ဟက်ဒါဖီးတောင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ကာ အနိုင်ရရှိတဲ့အသင်းကတော့ ပရီးမီးယားလိဂ် ဝင်ခွင့်ရမှာဖြစ်ပါတယ်။

ဒါဟာ ဆီမီးဖိုင်နယ်ရှုံးထွက်အဆင့်မှာ ဒုတိယအကြိမ်မြောက်အရုပ်ဆိုးအကျည်းတန်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပြီး ဟက်ဒါစ်ဖီးကို လူတန်တို့ရှုံးခဲ့တဲ့ပွဲမှာလည်း လူတန်နည်းပြက ဟက်ဒါစ်ဖီးပရိသတ်တွေရဲ့အပြုအမူကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ရှက်ဖီယူနိုက်တက်နည်းပြပေါလ်ဟက်ကင်ဘက်တန်ကတော့ ရှက်ပ်ရဲ့နောက်ဆုံး အခြေအနေကို တင်ပြထားသလို အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး သူဒေါသထွက်နေတဲ့အကြောင်းကို ပွဲအပြီးအင်တာဗျူးမှာသိသာအောင် ဖြေကြားခဲ့ပါတယ်။

"ပွဲထဲမှာ ကစားသမားတွေရဲ့ ကျန်းမာရေးနဲ့ဘေးကင်းမယ့်အန္တရာယ်တွေရှိတာ တွေ့ရပေမဲ့ ဘယ်သူမှ ဘာမှမလုပ်ကြဘူး။ အဲဒါကို တစ်ခုခုတော့လုပ်ရမယ်လေ။ ကျွန်တော်တို့တွေ ဘာဖြစ်လဲသိတယ်။ ဘာဖြစ်လဲမြင်တာပဲ။ ဒါဟာ လုံးဝကို ထောင်ချသင့်တဲ့ ကိစ္စမျိုးပါ။ ကိုယ့်အလုပ်ကိုယ်လုပ်နေတာကို ဘာလို့အဲလိုမျိုးအလုပ်ခံခဲ့ရတာလဲ။ တကယ်တော့ အဆီအလျော်တွေ လွဲချော်ပြီး ကိစ္စတွေအကုန်လုံး မှားနေတာ။ လူတွေက အကြိမ်ပေါင်းများစွာရှုံ့ချကြတာတော့ ကျွန်တော်ကြားပါတယ်။ ဒါပေမဲ့ ဘာမှလည်း တစ်ခါမှမလုပ်ပေးပါဘူး။ ခံစားခဲ့ရတာက ကျွန်တော်တို့တွေပါ။ အကြောင်းအရင်းတွေ အများကြီးကြောင့် စိတ်ပျက်ပေမဲ့ ကျွန်တော်ထုတ်မပြောချင်ဘူး။ ဒါပေမဲ့ အဲပရိသတ်တော့ တစ်ခုခုအပြစ်ပေးခံရသင့်တယ်”လို့ ဟက်ကင်ဘက်တန်က ဆိုပါတယ်။

#ချန်ပီယံရှစ် #ရှက်ဖီးလ်ယူနိုက်တက် #ဘီလီရှက်ပ်