ရှေ့သို့
Image

ဒီကလန်ရိုက်စ်ရဲ့ အသင်းဖော်ကို တန်ဟတ် ခေါ်ယူသင့်တယ်လို့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း တိုက်တွန်း

12:56 PM, 18 May

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ် အနေနဲ့ လက်ရှိသတင်းထွက်နေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ရဲ့ အသင်းဖော် ဂျရော့ဘိုဝင်ကို သူ့ရဲ့ပထမဆုံး အပြောင်းအရွှေ့မှာတင် ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခံခဲ့ရပါတယ်။

ချဲလ်ဆီးနဲ့ မြောက်အိုင်ယာလန်ကွင်းလယ်လူဟောင်း အန်ဒီတောင်ဆန်က ယူနိုက်တက်ကို အခုလို တိုက်တွန်းခဲ့တာဖြစ်ပြီး ဒီနွေရာသီ ဘိုဝင်အတွက် ကမ်းလှမ်းမှု တစ်ခုထက်မနည်းကို ဝက်စ်ဟမ်းအသင်း ရရှိလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဘိုဝင်ဟာ ၂၀၂၀ တုန်းက ဟူးလ်စီးတီးကနေ ဝက်စ်ဟမ်းကို ရောက်ရှိလာတာဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုး ၂၀ နှင့်အထက် ပါဝင်ပက်သက်ထားတဲ့ ကစားသမား ၇ ဦးထဲက တစ်ယောက်ဖြစ်ပါတယ်။

တောင်ဆန်က “ဂျရော့ဘိုဝင်က တကယ်ကောင်ခဲ့တာပါ၊ နောက်လည်း ပိုကောင်းလာဖို့ပဲ ရှိတယ်။ ဒီနွေရာသီမှာ ဘိုဝင်အတွက် ကမ်းလှမ်း ၁ ခု သို့မဟုတ် ၂ ခုလောက်တော့ ဝက်စ်ဟမ်းရလိမ့်မယ်။ ကျွန်တော်သာဆိုရင်တော့ မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးကိုပဲ တိုက်တွန်းချင်မိတယ်။ သေချာပေါက် ခေါ်သင့်တယ် ကစားသမားပါ။ နေရာစုံမှာကစားနိုင်တယ်၊ သူဝက်စ်ဟမ်းကွင်းလယ်မှာ ကစားသွားတာတောင် ကျွန်တော်မြင်ဖူးတယ်။ ယူနိုက်တက်အတွက်ရော ဘယ်အသင်းမှာမဆို အံဝင်အောင်ကစားနိုင်လိမ့်မယ်။ ကျွန်တော်ကတော့ သူအားသာတဲ့ ညာတောင်ပံမှာ ထားပြီးကစားစေချင်တယ်။ ဘိုဝင်ကတကယ်ကောင်းတယ်။ အဲ့တော့ သူလည်း လေယာဉ်ပေါ် တက်ခွင့်ရသင့်တယ်( ကာတာကမ္ဘာ့ဖလားသွားမယ့် အင်္ဂလန်အသင်းရဲ့ လေယာဉ်ကိုဆိုလို)။ လေယာဉ်ပေါ်တက်ခွင့် မရစရာအကြောင်းလည်း မရှိဘူး။ နည်းနည်းတော့ နောက်ကျနေပြီးဘာလို့လဲဆိုတော့ လေယာဉ်ထိုင်ခုံအတော်များများ ပိုင်ရှင်ရှိနေလောက်ပြီ။ ဂါရက်ရဲ့အသင်းက ကစားသမားအားလုံးက ထိပ်တန်းခြေစွမ်းပြနေတဲ့ သူတွေချည်းပဲ။ ဘိုဝင်ရဲ့ ကစားပုံနဲ့သာ ဆိုရင်တော့ အရွေးမခံရစရာအကြောင်းကို မရှိပါဘူး။ သူကတကယ်အန္တရာယ်များတဲ့ ကောင်လေးပါ။ မေးနေစရာတောင် မလိုပါဘူး”လို့ ပြောခဲ့ပါတယ်။

တန်ဟတ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီရာသီအေဂျက်စ်အသင်းကို ပြည်တွင်းလိဂ်ချန်ပီယံဖြစ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ဝက်စ်ဟမ်း #ဒီကလန် ရိုက်စ် #အဲရစ်တန်ဟက်ချ်