ရှေ့သို့
Image

ဆောက်သမ်တန်နဲ့ ပွဲက ဖာမီနိုရဲ့ ခြေစွမ်းကို ချီးကျူးခဲ့တဲ့ ကာရေဂါနဲ့ ဂျင်မီရက်ပ်နက်

11:39 AM, 18 May

ယနေ့မနက်ပိုင်း၊ ဆောက်သမ်တန်ကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ပြီးဆုံးချိန်မှာ လီဗာပူးဂန္တဝင်ကာရေဂါက တိုက်စစ်မှူးဖာမီနိုရဲ့ ခြေစွမ်းနဲ့ သူရဲ့ အသင်းအတွက် တာဝန်ယူပေးခဲ့တဲ့ အခန်းကဏ္ဍအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

လာမယ့်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်မယ့် ဖာမီနိုဟာ ဆောက်သမ်တန်နဲ့ပွဲစဉ် အတွက် ကလော့ပ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့သလို လီဗာပူးရဲ့ အမှတ်ပေးချန်ပီယံမျှော်လင့်ချက် ဆက်လက်ရှင်သန်နိုင်ဖို့ ကောင်းမွန်တဲ့ခြေစွမ်းနဲ့အတူ ကလော့ပ်ရဲ့ယုံကြည်မှုနဲ့ထိုက်တန်ကြောင်း ပြသခဲ့ပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဒီရာသီ လီဗာပူးအသင်းအတွက် အရေးမပါတဲ့ ကစားသမားတစ်ဦးလို ဖြစ်လာခဲ့ပြီး ယာဂန်ကလော့ပ်ကလည်း တိုက်စစ်လိုင်းမှာ ဒီယက်ဇ်၊ မာနေး၊ မိုဆာလက်ကိုပဲ ပွဲထုတ်လေ့ရှိပါတယ်။

ဖာမီနိုဟာ ဒီရာသီ အသင်းအတွက် ၃၃ ပွဲ ကစားခွင့်ရခဲ့ပေမယ့် အများစုကတော့ လူစားလဲပါဝင်ခွင့်ရတာပဲ ဖြစ်ပါတယ်။ နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာက ပေါင် ၂၉ သန်းနဲ့ ဟော့ဖန်ဟိမ်းဆီကနေ ခေါ်ယူခဲ့တဲ့ ဖာမီနိုကို လီဗာပူးရဲ့ အားထားရတဲ့ကစားသမားတစ်ဦးလို့ ကာရေဂါက ထုတ်ပြောလာပါတယ်။

“တကယ့်ကို စနစ်ကျလှတဲ့ စွမ်းဆောင်ရည်ပါပဲ။ လှပတဲ့ ဘောလုံးထိချက်တွေရောပေါ့။ ဖာမီနိုက ခြေစွမ်းမပြနိုင်တဲ့ပွဲ ရှားလွန်းတာကြောင့် သူ့အကြောင်းကို ကျွန်တော် မပြောလိုပါဘူး။ ဒီညမှာတော့ သူက အရမ်းတောက်ပခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဖာမီနိုက ချဲလ်ဆီးနဲ့ရင်ဆိုင်ခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်မရခဲ့ပေမယ့် သူက လူစားဝင်လာပြီး ခြေစွမ်းပြခဲ့ပါတယ်။ ကလပ်အတွက် သူလုပ်ပေးခဲ့တဲ့အရာတွေကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ရိုးရိုးသားသားပြောရရင် ဖာမီနိုမရှိခဲ့ရင် ဒီနေ့ ဒီလိုအောင်မြင်မှုမျိုးတောင် လီဗာပူးရရှိဖို့ နီးစပ်မှာမဟုတ်ပါဘူး။ သူလုပ်ခဲ့တဲ့အရာ၊ သူပြေးခဲ့တဲ့ မိုင်နှုန်းတွေ၊ သူလုပ်ခဲ့တဲ့ အလုပ်တွေ၊ သူမှာရှိတဲ့ အရည်အသွေးတွေကို မြင်ရပါလိမ့်မယ်။ ဒါတွေက တကယ့်ကို လက်ဖျားခါလောက်စရာကောင်းတဲ့ အရာတွေပါ။ သူက ကစားခွင့်ရလာချိန်မှာ အကောင်းဆုံးစွမ်းဆောင်ပြပြီး ခြားနားမှုတစ်ခုကို ပြုလုပ်ပေးလေ့ရှိပါတယ်”လို့ ကာရေဂါက ချီးကျူးခဲ့ပါတယ်။
ဖာမီနိုရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ကာရေဂါက “ဖာမီနိုက စာချုပ်သက်တမ်းကုန်ဆုံးရင် အသင်းကနေ ထွက်ခွာသွားနိုင်ပါတယ်။ နောက်ရာသီမှာ အသင်းက ထွက်ခွာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ သုံးသပ်ခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ဖာမီနိုကို ဂျင်မီရက်ပ်နက်ကလည်း“သူက တကယ်ကိုပြည့်စုံလွန်းတဲ့ ကစားသမားမျိုးပါ။ အထူးသဖြင့် သူရဲ့ဘောလုံးထိချက်အချို့က တကယ့်ကို ချောမွေ့သပ်ရပ်လွန်းပါတယ်”လို့ ချီးကျူးခဲ့ပါတယ်။

#လီဗာပူး #ဆောက်သမ်တန် #ကလော့ပ် #ဖာမီနို #ကာရေဂါ #ရက်ပ်နက်