ရှေ့သို့
Image

ရာသီကုန်တွင် ထွက်ခွာမည့် ကစားသမားနှစ်ဦးကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ

4:17 PM, 17 May

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီသည် ရာသီကုန်တွင် အသင်းမှထွက်ခွာမည့် နောက်ခံလူ ချီရယ်လီနီနှင့် ဒိုင်ဘားလားတို့ကို နှစ်များစွာကြာ အသင်း၏ အဆင့်အတန်းကို ကိုယ်စားပြုပေးခဲ့သူများဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုခဲ့သည်။ လာဇီယိုနှင့် နှစ်ဂိုးစီသရေကျခဲ့သော စီးရီးအေပွဲစဉ်အပြီးတွင် ပရိသတ်များ ကွင်းတွင်းမှ ထွက်ခွာသွားပြီးနောက် ဒိုင်ဘားလား၊ မိုရာတာ၊ ဗလာဟိုဗစ်တို့သည် Allianz Juventus Stadium ကွင်းအတွင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြသလို အချင်းချင်းကြား ပြောဆိုဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။

“စိတ်ခံစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ထူးကဲတဲ့ ညနေခင်းတစ်ခုပါ။ ဒီညကတော့ ဒိုင်ဘားလားနဲ့ ချီရယ်လီနီတို့ရဲ့ ညပါပဲ။ ချီရယ်လီနီလည်း ထွက်ခွာနေပါပြီ။ သူက အီတလီ၊ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးလောကအတွက် စိတ်ဓါတ် အပြည့်နဲ့ ကစားပေးခဲ့သလို သူ့အလုပ်ကိုလည်း ချစ်ခင်တဲ့သူပါ။ အသင်းရဲ့ အကယ်ဒမီကစားသမားတွေ အတွက်    ချီရယ်လီနီရဲ့ ခံစစ်ကစားပုံဗီဒီယိုတွေကို လေ့လာကြည့်ရှုပြီး သင်ယူခိုင်းသင့်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ဆိုရင်လည်း သူက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပါတယ်။ ကျွန်တော် ဂျူဗင်တပ်စ်ကိုရောက်ရှိချိန်မှာ ချီရယ်လီနီ၊ ဘူဖွန်၊ ဘာဇာဂလီ၊ ဘိုနူချီနဲ့  မာခီစီယိုတို့က အများကြီး ကူညီပေးခဲ့ပါတယ်။ ဒိုင်ဘားလားကလည်း ဂျူဗင်တပ်စ်မှာ ၇ နှစ်ကျော်ကြာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ သူ ဒီကို ရောက်လာတုန်းက ကလေးအရွယ်ပဲရှိသေးတယ်။ ကျွန်တော်က သူ့ကို တိုးတက်လာစေဖို့ ကူညီပေးခဲ့တယ်လို့ ခံစားမိပါတယ်။ သူက ကစားခွင့်ရချိန်မှာ အစွမ်းကုန်ပေးဆပ်ကစားခဲ့ပြီး သူစွမ်းဆောင်ခဲ့တာတွေနဲ့ထိုက်တန်တဲ့ ဂုဏ်ပြုမှုကိုလည်း ပရိသတ်တွေက ပေးအပ်ခဲ့ပြီးပါပြီ။ သူ ဂျူဗင်တပ်စ်အတွက် အများကြီးပေးဆပ်ခဲ့သူပါ”ဟု အယ်လီဂရီက Sky Sport Italia သို့ ပြောဆိုခဲ့သည်။

အဆိုပါကစားသမားနှစ်ဦး ကလပ်ကိုနှုတ်ဆက်ထွက်ခွာချိန်ကတော့ ခံစားမှုများမှာ မတူညီခဲ့ပေ။ ချီရယ်လီနီက ပြုံးရွှင်စွာဖြင့် အေးအေးချမ်းချမ်း ထွက်ခွာသွားပေမယ့် ဒိုင်ဘားလားမှာမူ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျနေခဲ့ရာ ကစားသမားအနေဖြင့် ကလပ်မှ ထွက်ခွာဖို့ အဆင်သင့်ဖြစ်၊မဖြစ် မေးခွန်းများထွက်ပေါ်လာခဲ့သည်။

“ဒါက အဆင်သင့်ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ ဒါက စိတ်ခံစားမှုပါ။ ချီရယ်လီနီလည်း အိမ်ပြန်ရောက်ရင် ငိုကောင်းငိုပါလိမ့်မယ်။ ဒိုင်ဘားလားကတော့ ဒါကို မထိန်းနိုင်ခဲ့ဘူးပေါ့။ ကျွန်တော်လည်းပဲ သူတို့ကိုကြည့်ပြီး ခံစားရပါတယ်” ဟု အယ်လီဂရီက ဆက်လက်ပြောဆိုသည်။ နှစ်ဂိုးစီသရေကျခဲ့သော လာဇီယိုနှင့်ပွဲစဉ်သည် ပွဲပြီးရန် နောက်ဆုံးမိနစ်အရောက် ဆာဗစ်၏ တန်ပြန်တိုက်စစ်မှ တဆင့် ချေပဂိုးခွင့်ပြုပေးခဲ့ရရာ ကွင်းဘေးရှိ အယ်လီဂရီ ဒေါသထွက်နေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

“ကျွန်တော်တို့ အနိုင်ရနေတယ်။ ကစားသမားတွေကလည်း အကောင်းဆုံးစွမ်းဆောင်နေတယ်။ ဒီအချိန်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် ဂိုးပေးလိုက်တယ်။ ဒါက ဒီရာသီမှာ သင်္ကေတတစ်ခုလိုတောင် ဖြစ်နေပြီ။ ကျွန်တော်တို့အသင်း နိုင်ပွဲတွေမှာ ကျင့်သားရဖို့ လိုနေပါပြီ” ဟု အယ်လီဂရီက ဆိုသည်။ ဂျူဗင်တပ်စ်သည် လာမယ့်ရာသီသစ်အတွက် အသင်း၏ အလယ်တန်းကို  ပြုပြင်ပြောင်းလဲသွားရန် စီစဉ်ထားပြီး ပေါဂ်ပေါ့ဘာ၊ ဆာဗစ်တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေသည်။

“ကျွန်တော် အသင်းကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့မှာ တိကျတဲ့ အတွေးအခေါ်ရှိပါတယ်။ သဘာဝအားဖြင့်  ဈေးကွက်က ခန့်မှန်းရခက်ပါတယ်။ အသင်းအနေနဲ့ ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တစ်ခု ချထားနိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဗလာဟိုဗစ်နဲ့ ဇာကာရီယားတို့လို ကစားသမားတွေလည်း ရောက်ရှိလာတယ်။ သူတို့ နောက်ရာသီမှာ တိုးတက်လာပါလိမ့်မယ်။ မီရက်တီကလည်း သူရဲ့ဖန်တီးမှုတွေကနေ ကျွန်တော့်ကို စိတ်ကျေနပ်စေခဲ့ပါတယ်။ ကျွန်တော် ဒါကို ကြိုက်ပါတယ်”ဟု အယ်လီဂရီက ရှင်းပြသည်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ #ချီရယ်လီနီ