ရှေ့သို့
Image

ဟာကင်ဇီယက်ချ်ကို ခေါ်ယူဖို့ တန်ဟတ်ကို တိုက်တွန်းခဲ့တဲ့ ဗန်ဘက်စတန်

2:19 PM, 17 May

နယ်သာလန်ဂန္တဝင်ကြီး မာကိုဗန်ဘက်စတန်ကတော့ ချဲလ်ဆီးကွင်းလယ်လူ ဟာကင်ဇီယက်ချ်ကို မန်ချက်စတာယူနိုက်တက် အတွက် ခေါ်ယူဖို့ အဲရစ်တန်ဟတ်ကို တိုက်တွန်းခဲ့ပါတယ်။ တန်ဟတ်ဟာ အေဂျက်စ် အသင်းနဲ့ နယ်သာလန်ချန်ပီယံအဖြစ် ရာသီသိမ်းခဲ့ပြီးနောက် ယူနိုက်တက်အတွက် စတင်အလုပ်လုပ်နေပြီပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာ ဇီယက်ချ်ကတော့ ဒီရာသီနည်းပြသောမတ်စ်တူချယ်ရဲ့ လက်အောက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပြီး ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၁၂ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ မော်ရိုကိုလက်ရွေးစင်ဟာ ၂၀၁၈ နယ်သာလန်ချန်ပီယံဖြစ်ခဲ့တဲ့ တန်ဟတ်ရဲ့အေဂျက်စ်အသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပြီးနောက် ၂ နှစ်အကြာမှာ ချဲလ်ဆီးအသင်းကို ပေါင် ၃၃.၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Ziggo Sport ရဲ့ ရှိုး Rondo မှာ တန်ဟတ်က ဧည့်သည်အဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး အဆိုပါရှိုးမှာ ဗန်ဘက်စတန်က ဇီယက်ချ်က အိုးလ်ထရက်ဖို့မှာ နည်းပြသစ်တန်ဟတ်နဲ့အတူ တောက်ပလာလိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဗန်ဘက်စတန်က “ ကျွန်တော့်စိတ်ထဲမှာ အရင်ဆုံးတွေးမိတာက အင်္ဂလန်မှာ ကစားနှင့်ပြီးဖြစ်တဲ့ ဇီယက်ချ်ပါပဲ။ သူကမန်ချက်စတာယူနိုက်တက်မှာ အဲရစ်အတွက် အရမ်းကောင်းတဲ့ ကစားသမားပါ ”လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် တန်ဟတ်က အဆိုပါအကြံပေးစကားကို တုံ့ပြန်ခဲ့ခြင်းမရှိပဲ ယူနိုက်တက်ကို မပြောင်းခင်ကတည်းက အပြောင်းအရွှေ့ ကိစ္စတွေနဲ့ အသားကျနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ တန်ဟတ်က “ကျွန်တော်အေဂျက်စ်မှာတုန်းက အောင်မြင်မှုရခဲ့တယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် အလုပ်သစ်ပြောင်းတဲ့အခါ အဝတ်လဲခန်းထဲမှာ အကောင်းဆုံးလုပ်နိုင်ဖို့နဲ့ အဲ့အသင်းက လူတွေနဲ့ အဆင်ပြေအောင် အရင်ဆုံးလုပ်ဖို့လိုပါတယ်။ ပြီးရင်သေချာ ဆန်းစစ်မှုတွေလုပ်ပြီး အကောင်းဆုံးရွေးချယ်မှု လုပ်ဖို့လိုပါတယ်” လို့ ပြောခဲ့ပါတယ်။

တန်ဟတ်က အေဂျက်စ်အသင်းနဲ့ Curacao ခရီးစဉ်ကို လိုက်ပါလို့ရပေမယ့်လည်း လိုက်မသွားခဲ့ပဲ ယူနိုက်တက်ရဲ့ ရာသီကြိုအစီအစဉ်တွေကို ပြင်ဆင်သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ တန်ဟတ်က “ဒီနေ့အလုပ်စလုပ်ပါပြီ။ မန်ချက်စတာယူနိုက်တက်နဲ့ဆိုင်တဲ့ ကိစ္စအားလုံးကို ဒီနေ့ပထမဆုံး စလုပ်တာပါ။ မနက်ဖြန်လည်း ဆက်လုပ်ဦးမှာပါ။ ကျွန်တော့်ဒီနေရာမှာ နေတော့မယ်၊ မန်ချက်စတာက လူတွေနဲ့လည်း တွေ့သွားပါမယ်။ ဝန်ထမ်းတွေကိုလည်း စီမံရဦးမှာဖြစ်သလို လာမယ့်ရာသီအချိန်ဇယားရယ်၊ လာမယ့်ရာသီ လူစာရင်းရယ်ကိုလည်း ပြင်ဆင်သွားမှာပါ ”လို့ ပြောခဲ့ပါတယ် ”လို့ ပြောသွားခဲ့ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဇီယက်ချ် #အေဂျက်စ် #အဲရစ်တန်ဟက် #ဗန်ဘက်စတန်