ရှေ့သို့
Image

ပယ်နယ်တီမကန်ခင် တောင်းဆိုခဲ့သောအရာကို ထုတ်ပြောလိုက်တဲ့ လီဗာပူးဟီးရိုး ဆီမီကတ်စ်

3:48 PM, 15 May

လီဗာပူးပယ်နယ်တီဟီးရိုး ဆီမီကတ်စ်က ဝင်ဘလေကွင်း၌ သူ၏ ကံကောင်းခြင်းနံပါတ်အဖြစ် ခုနှစ်ကြိမ်မြောက် ပယ်နယ်တီကို ကန်သွင်းခွင့်ပြုဖို့ တောင်းဆိုခဲ့သလို ပွဲအပြီးတွင်လည်း အသင်းအတွက်အက်ဖ်အေဖလားဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သည်။


ဆီမီကတ်စ်သည် လီဗာပူးအသင်းကြီးအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သော်လည်း ဗိုလ်လုပွဲပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုမတိုင်ခင် ရောဘတ်ဆန်နေရာ၌ အစားထိုးဝင်ရောက်ခွင့်ရရှိချိန်တွင် ဂရိသားသည် သူ၏ အခွင့်အရေးကို အပြည့်အ၀အသုံးချနိုင်ခဲ့သည်။

"တကယ့်ကို စပါယ်ရှယ်ပဲ။ မင်း ဘယ်နှစ်လုံးမြောက်ပယ်နယ်တီကို ကန်ချင်သလဲဆိုပြီး နည်းပြက ကျွန်တော့်ကို မေးတယ်။ ကျွန်တော်က ခုနှစ်လုံးမြောက်လို့ ဖြေလိုက်တယ်။ သူက ဘာကြောင့်လဲလို့ ထပ်မေးတော့ '၇' ကိုလိုချင်လို့ ပြန်ဖြေခဲ့ပါတယ်။


ဒါကပဲ ကျွန်တော်တို့အသင်း အနိုင်ရဖို့ အခွင့်အလမ်းကို ပေးခဲ့တယ်။ ကျွန်တော်အနေနဲ့ ဂိုးသမားရဲ့ ညာဘက်ခြမ်းကို ရွေးချယ်ပြီး ကန်သွင်းခဲ့တာ ဂိုးလည်း ရခဲ့ပါတယ်။ ဒီအတွက် အရမ်းကိုပျော်ရွှင်ကျေနပ်မိပါတယ်။

ကျွန်တော်က ဂရိကလာတဲ့ လီဗာပူးအားပေးသူမဟုတ်ပါဘူး။ ကျွန်တော်က လီဗာပူးမြို့သား၊ လီဗာပူးအားပေးသူ ဂရိလူမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ အခု အောင်ပွဲခံရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့စိတ်ထဲမှာ နောက်ထပ်လာမယ့်ပွဲစဉ်တွေ ရှိသေးတယ်ဆိုတာ သိကြပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိဖို့ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပါတယ်"ဟု ဆီမီကတ်စ်က ဆိုသည်။

လီဗာပူးဂိုးသမားအလီဆင်ကလည်း ဆီမီကတ်စ်၏ ပယ်နယ်တီအဆုံးအဖြတ်သွင်းဂိုးမတိုင်ခင် ချဲလ်ဆီးရှေ့တန်းလူ မေဆင်မောင့်၏ ပယ်နယ်တီကန်သွင်းချက်ကို ကာကွယ်ပေးနိုင်ခဲ့သည်။


အန်ဖီးလ်ကလပ်၏ နံပါတ် ၁ ဂိုးသမားက " ဟေ့ ! ဒါက အရမ်းကောင်းတယ်။ ဂိုးနည်းပြတွေကလည်း ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အကောင်းဆုံးကူညီပေးခဲ့တယ်။ 

ချဲလ်ဆီးလည်း အကောင်းဆုံးလုပ်ခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်တော်တစ်ကြိမ်ပဲကာကွယ်နိုင်ခဲ့ပေမယ့် ဒါကပဲ ပွဲကိုအနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တယ်။


အခုနိုင်ပွဲက ကျွန်တော်တို့အသင်းကို ပရီးမီယားလိဂ်မှာရော၊ ချန်ပီယံလိဂ်မှာပါ ယုံကြည်မှုတွေ တိုးပွားစေခဲ့ပါတယ်။ အခုလို အလွန်ကောင်းတဲ့ အခိုက်အတန့်တစ်ခုမှာ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားကြဖို့ လိုအပ်ပါတယ်" ဟု ပြုံးရွှင်စွာ ပြောဆိုခဲ့သည်။


#လီဗာပူး #ဆီမီးကတ်စ် #အက်ဖ်အေဖလား