ရှေ့သို့
Image

ချဲလ်ဆီးက ထွက်ချင်တယ်ဆိုပြီး အင်တာဗျူးမှာ သွားပြောခဲ့တဲ့ အေးဂျင့်ကို လူကာကူ ပြင်းထန်စွာဝေဖန်

9:47 AM, 14 May

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူက ချဲလ်ဆီးက ထွက်ခွာချင်တယ်ဆိုပြီး ပြောခဲ့တဲ့ အေးဂျင့်ဖြစ်သူရဲ့ ပြောစကားကို ပြန်လည်တုံ့ပြန်လိုက်ပြီး သူသာ ဆုံးဖြတ်ချက်ချသူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လူကာကူရဲ့ အေးဂျင့်ဖြစ်သူ ပက်စ်ထရိုရယ်လိုက အီတလီမီဒီယာနဲ့ အင်တာဗျူးမှာ ကစားသမားက အသင်းကနေ ထွက်ချင်နေတဲ့ပုံစံမျိုး သွားပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူကာကူက လက်ရှိမှာ ကွင်းတွင်းစွမ်းဆောင်ရည်ကိုသာ အာရုံစိုက်ထားပြီး ဘယ်သူကမှ သူ့အကြောင်း ပြောခွင့်မရှိဘူးလို့ ဆိုခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ရေးခဲ့ရာမှာ လူကာကူက “ကျွန်တော့်အကြောင်း ဘယ်သူ့ကိုမှ ပေးမပြောထားပါဘူး။ ကျွန်တော် ပါးစပ်ပိတ်ထားပြီး ရာသီကို အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းဖို့ အသင်းကို ကူညီတဲ့အပေါ်ပဲ အာရုံစိုက်ထားပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ငါ့အကြောင်းနဲ့ အသင်းအကြောင်း ပြောလာခဲ့ရင် ဒါငါ့မှတ်ချက် မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

အေးဂျင့် ပက်စ်ထရိုရယ်လိုက “ဒီအပြောင်းအရွှေ့ရဲ့ အတိုင်းအတာအရ ခုလိုဖြစ်လာမယ်လို့ ဘယ်သူကမှ မထင်ထားပါဘူး။ နည်းစနစ်ပိုင်းရွေးချယ်မှုတွေကို ဆွေးနွေးမှာ မဟုတ်ပေမဲ့ ပြဿနာ ရှိနေပါတယ်။ ဒါပေမဲ့ သူက အသင်းဖော်တွေထက် ပွဲကစားချိန်နည်းပေမဲ့ ကလပ်ဂိုးသွင်းအများဆုံး ကစားသမားပါ။ အခု သူတို့ ချန်ပီယလိဂ်ဝင်ခွင့်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အကောင်းဆုံး လုပ်နိုင်ဖို့ လိုပါတယ်။ လူကာကူက အဲ့ဒါပဲ အာရုံစိုက်ထားပြီး ဘာအကြောင်းမှ မပြောထားပါဘူး”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #လူကာကူ #တူချယ်