ရှေ့သို့
Image

အန်ကီတီယာကို ဆက်ထိန်းထားပြီး တခြားတိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့ အာဆင်နယ်ကို တိုက်တွန်းခဲ့တဲ့ ပီတစ်

9:46 AM, 13 May

အာဆင်နယ်ဂန္တဝင်ပီတစ်က အာဆင်နယ်အသင်း အနေနဲ့ အသင်းရဲ့တိုက်စစ်မှူး အန်ကီတီယာကို အသင်းမှာ ဆက်ကစားနိုင်အောင် ထိန်းထားပြီး တခြားတိုက်စစ်မှူးတစ်ယောက်ကို ရှာဖွေသင့်တယ်လို့ ပီတစ်ကဆိုထားပါတယ်။

အန်ကီတီယာဟာ လက်ရှိရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းက ထွက်ခွာဖို့ ရှိနေကာ ပရီးမီးယားလိဂ် အသင်းတော်တော်များများကလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သို့သော်လဲ အန်ကီတီယာဟာ အသင်းအတွက် ကစားခွင့်ရခဲ့တဲ့ မကြာခင် ရက်သတ္တပတ်တွေကစပြီး အသင်းမှာ ကောင်းမွန်တဲ့ ခြေစွမ်း ပြသထားနိုင်တဲ့ အတွက် ပီတစ်က ထိုကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ အသင်းအနေနဲ့ ကြိုးစားသင့်တယ်လို့ ယုံကြည်နေပါတယ်။

Metro မှာ ပီတစ်က"သူအသင်းမှာဆက်နေရမယ်။ သူကဒေါသစိတ်နဲ့ ကစားနေပါတယ်။ သူက ပွဲကစားချိန်ပိုရချင်နေတယ်။ ပြီးတော့ သူဟာ ကွင်းထဲမှာ တာဝန်ကျေပြီး အရေးပါတဲ့ ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။ အန်ကီတီယာက ငယ်ရွယ်ပြီး အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး တောက်ပတဲ့ ကြယ်ပွင့်ဖြစ်လာဖို့ စိတ်အားတက်ကြွမှု ရှိသူပါ။ သူ့အနေနဲ့ မာတီနယ်လီ၊ စမစ်ရိုလ်၊ ဘူကာရိုဆာကာတို့ရဲ့ ခြေရာကို နင်းနိုင်လျှင် သူ့အတွက်ရော အာဆင်နယ်အတွက်ရော အများကြီး ပိုကောင်းမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို အာဆင်နယ်အသင်းမှာ ဆက်ရှိစေချင်ပါတယ်"

"လာကာဇက်အနေနဲ့ အသင်းကနေ ရာသီကုန်မှာ ထွက်ခွာနိုင်ချေရှိနေပါတယ်။ ဒါပေမယ့်အသင်းမှာ လာကာဇက်နဲ့ အန်ကီတီယာတို့ ရှိနေသော်လည်းပဲ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့ဆိုလျှင် တစ်နှစ်လျှင် သွင်းဂိုး ၂၀ မှ ၂၅ ဂိုး သွင်းပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက် ရှိဖို့လိုအပ်ပါတယ်""ကျွန်တော့်အနေနဲ့ အာဆင်နယ်ကို တခြားတိုက်စစ်ကစားသမားမျိုးခေါ်စေချင်ပါတယ်။ အဲ့ဒါကိုအာဆင်နယ်က အသည်းအသန်လိုအပ်နေတာပါ။ဘယ်လိုမျိုးလဲဆိုတော့  အသင်းရဲ့ တောင်ပံကနေရော လျှင်မြန်တဲ့အရှိန်နဲ့ တိုက်စစ်ဆင်နိုင်တဲ့ ကစားသမားမျိုးပါ။ မော်ဒန်ဘောလုံးမှာ လျင်မြန်မှုကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ အရာအားလုံးက လျှင်မြန်နေရပါမယ်။ အသင်းလိုက် တိုက်စစ်ဆင်ဖိအားပေးခြင်း ၊ ကစားကွက်တည်ဆောက်ခြင်း အရာအားလုံးပါပဲ"

"သူတို့အနေနဲ့ အသင်းရဲ့ တိုက်စစ်မှာ မြန်ဖို့လိုနေပါတယ်။ မာတီနယ်လီက မြန်တဲ့ ကစားသမားပါ။ ဆာကာကလဲ ညာတောင်ပံမှာ ကစားတာကောင်းမွန်ပါတယ်။ လာကာဇက်က အဲ့လောက်မမြန်ပါဘူး။ အန်ကီတီယာက မြန်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က နောက်ထပ်မတူညီတဲ့ ကစားသမားမျိုးကို ရှာဖွေရမှာပါ"လို့ ပီတစ်က ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ရိုးမားအသင်းမှာ နည်းပြမော်ရင်ဟိုလက်အောက်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား အီဗရာဟင်ကို ချိတ်ဆက်ကမ်းလှမ်းထားတာရှိပါတယ်။ သူဟာ ရိုးမားအသင်းမှာ ၄၉ ပွဲ ကစားထားပြီး ၂၅ ဂိုး သွင်းယူထားပါတယ်။ ထို့အတူ ပီတစ်ဟာ အီဗရင်ရဲ့ ပရိတ်သတ်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"သူတို့အနေနဲ့ ဘယ်လိုတိုက်စစ်မှူးမျိုးကို ခေါ်ယူရမလဲဆိုရင် ကျွန်တော်ကတော့ တမ်မီအီဗရာဟမ်ကို ကြိုက်ပါတယ်။ သူရိုးမားအသင်းနဲ့ ဘာတွေ လုပ်ထားသလဲဆိုတာ ကြည့်ပါ။ သူ့အနေနဲ့ ထိုခြေစွမ်းကို အင်္ဂလန်ပြန်သယ်လာပြီး အထူးသဖြင့် လန်ဒန်ကို ပြန်လာပြီး လက်စားချေနိုင်ဖို့ ပြုလုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော့်အမြင်အရတော့ ဒါက တကယ်အသုံးဝင်တဲ့ တွန်းအားတစ်ခုလဲ ဖြစ်ပါတယ် " လို့ ပီတစ်က ဆိုပါတယ်။

#အာဆင်နယ် #အန်ကီတီယာ #ပီတစ်