ရှေ့သို့
Image

အသင်းနဲ့ အိမ်ကွင်းနောက်ဆုံးပွဲ အပြီးမှာ ကွင်းထဲကို ပြန်လာဖို့ ရော်နယ်ဒို ပြောကြားခဲ့ကြောင်း မာတစ် ထုတ်ဖော်ပြောကြား

11:28 AM, 12 May

ယူနိုက်တက်ကွင်းလယ်လူ မာတစ်က အသင်းဖော် ရော်နယ်ဒိုဟာ ကွင်းထဲကိုပြန်လာဖို့ ဆွဲဆောင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာတစ်ဟာ ဧပြီလတုန်းက သူဟာ စာချုပ်သက်တမ်း ကုန်ဆုံးချိန် ဇွန်လ ၃၀ ရက်နေ့မှာ ယူနိုက်တက် ကစားသမားဘဝကို အဆုံးသတ်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

အသက် ၃၃ နှစ်သားဟာ မေလ ၂ ရက်နေ့က ဘရန့်ဖို့ဒ်ကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက် အတွက် ဒီရာသီ ၁၆ ပွဲသာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိထားပါတယ်။ ဒါပေမယ့် သူဟာ အသင်းပရိသတ်တွေကို စိတ်ခံစားမှုအပြည့်နဲ့ နှုတ်ဆက်စကားဆိုခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက မာတစ်တစ်ယောက် ပွဲကစားချိန် ၇၁ မိနစ်မှာ လူစားလဲခံရချိန် ပရိသတ်တွေကို လက်ခုပ်တီးအားပေးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် တကယ်ကောင်းတဲ့ခံစားချက်မျိုးခံစားရပါတယ်။ အသင်း နဲ့ ပရိသတ်တွေကို အခုလိုမျိုးနှုတ်ဆက်ရတာက တကယ်ကောင်းပါတယ်။ ပွဲကြည့်စင်မှာ လူပေါင်း ၇ သောင်းခွဲလောက်ရှိနေတာပါ။ ကျွန်တော် ဒီကနေ အမှတ်အသားတစ်ခုအနေနဲ့ ထွက်ခွာချင်ပါတယ်။ ဗီဒစ်လိုမျိုးပါ။ ဒါပေမယ့် အရာအားလုံးမှာက လှပတဲ့အဆုံးသတ်ရှိပါတယ်။ ကျွန်တော် ဆားဘီးယားမှာရှိတဲ့ လူတိုင်းရဲ့မျက်နှာမှာ အပြုံးပန်းတွေ တင်ပေးချင်ပါတယ်။ ကျွန်တော့်နိုင်ငံရဲ့ ဓလေ့ကို တစ်စုံတစ်ယောက်က ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကွင်းထဲက ထွက်ခွာချင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် လူလယ်ခေါင်မှာ အာရုံစိုက်မှုမလိုချင်တာကြောင့်ပါ။ ဒါပေမယ့် ရော်နယ်ဒိုက မင်းဘာလုပ်နေတာလဲ ပြန်လာခဲ့ဆိုပြီး ကျွန်တော့်ကို ပြောပါတယ်”လို့ မာတစ်က ပြောကြားခဲ့ပါတယ်။

မာတစ်ဟာ နွေရာသီမှာ အလွတ်နဲ့ခေါ်ယူနိုင်မယ့် ကစားသမားဖြစ်လာမှာဖြစ်ပြီး အီတလီကလပ် ဂျူဗင်တပ်စ်က ချိတ်ဆက်နေပါတယ်။ ဒါ့ပြင် အခြားတစ်ဖက်မှာလည်း ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက မာတစ်ကို ပြန်လည်ခေါ်ယူဖို့ အလိုရှိနေပါတယ်။

“ရွေးချယ်စရာတွေကိုတော့ လမ်းဖွင့်ထားဆဲပါ။ ဒါပေမယ့် သေချာတာက ယူနိုက်တက်နဲ့က နောက်ဆုံးရာသီပါ။ ကျွန်တော် အကောင်းဆုံးနည်းလမ်းနဲ့ အဆုံးသတ်ချင်ပါတယ်။ ကျွန်တော် မေလ ၂၂ ရက်နေ့မှာ နောက်ထပ်တစ်ပွဲရှိပါတယ်။ အဲ့တာပြီးရင်တော့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှာပါ”လို့ မာတစ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #မာတစ်