ရှေ့သို့
Image

တစ်ဦးတည်း ငါးဂိုး မသွင်းနိုင်ခဲ့လို့ မချင့်မရဲဖြစ်နေတဲ့ မန်စီးတီးရဲ့ စူပါဟက်ထရစ်ရှင် ဒီဘရိုင်း

9:52 AM, 12 May

မန်ချက်စတာစီးတီးက ဝုဗ်ကို အဝေးကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လေးဂိုး သွင်းပြီး စူပါဟက်ထရစ်ရခဲ့တဲ့ စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ဒီပွဲကို စပါယ်ရှယ်ညတစ်ခုလို့ တင်စားခဲ့ပါတယ်။

မိုလီနာ့ကွင်းမှာ ဝံပုလွေတွေကို အပြတ်အသတ်နှိပ်ကွပ်ခဲ့တဲ့ပွဲအတွင်း ဒီဘရိုင်းက အထူးတောက်ပခဲ့သလို ဒီနိုင်ပွဲကြောင့်ပဲ စီတီးတို့ အမှတ်ပေးဇယားထိပ်မှာ လီဗာပူးကို သုံးမှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲသာ ကျန်ရှိချိန် ဒုတိယနေရာက လီဗာပူးထက် ၃ မှတ်အသာရထားသလို ဂိုးကွာခြားချက်မှာလည်း အသာရထားတဲ့ မန်စီးတီးဟာ ငါးရာသီအတွင်း လေးကြိမ်မြောက်ပရိးမီးယားလိဂ် သရဖူကို ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းနေပါပြီ။

ဒီဘရိုင်းက “ဒါက တော်တော်လေးကောင်းပါတယ်။ မင်း လေးဂိုးလောက်သွင်းနိုင်ပြီဆိုရင် ဒါက အမြဲတမ်း စပါယ်ရှယ်ဖြစ်နေမှာပဲ။ အရိုးသားဆုံးပြောရရင် ကျွန်တော် ငါးဂိုးလောက်သွင်းနိုင်ခဲ့သင့်တယ်။ ဒါပေမယ့် အသင်းက ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီးတော့တောင် ဂိုးသွင်းနိုင်ပါသေးတယ်။ ခံစစ်ပိုင်းမှာ အထင်ကြီးလောက်စရာကောင်းအောင် မာကျောတဲ့ ဝုဗ်လိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ကျွန်တော်တို့အသင်းက ဒါမျိုးလုပ်ပြနိုင်ခဲ့ပါတယ်” လို့ Sky Sports သတင်းဌာနကို ပြောပါတယ်။

စီးတီးက ဒေါ့မွန်ရဲ့ ဂိုးသွင်းမုဆိုး ဟာလန်းကို အသင်းရဲ့တိုက်စစ်ပိုင်းမှာ အထောက်အကူဖြစ်စေဖို့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့အပြီး နှစ်ဆယ့်လေးနာရီအတွင်းမှာပဲ ဒီဘရိုင်းရဲ့ ဒီလိုအံ့မခန်းစွမ်းဆောင်ရည် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ယမန်နေ့ည၊ ဒီဘရိုင်းက သုံးဂိုးမြောက်သွင်းဂိုးရယူပြီးချိန် ဟာလန်းရဲ့ ဂိုးသွင်းအောင်ပွဲခံမှုပုံစံနဲ့ အနည်းငယ်တူညီတဲ့ အောင်ပွဲခံမှုသည် ကလပ်ရဲ့ ကစားသမားသစ်ခေါ်ယူမှု စွမ်းဆောင်ရည်ကို ဂုဏ်ပြုခဲ့တယ်လို့ အများက ထင်မှတ်ခဲ့ကြပေမယ့် တိုက်ဆိုင်မှုတစ်ခုသာဖြစ်တယ်လို့ ဒီဘရိုင်းက ဝန်ခံပြောဆိုသွားပါတယ်။

“ကျွန်တော် အင်တာဗျူး နှစ်ခါလောက်လုပ်ပြီးပြီ။ သူတို့ကလည်း ဒါက ဟာလန်းပုံစံပဲလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော် ဒါကို သိတောင်မသိဘူး။ ဒီလိုအောင်ပွဲခံခဲ့တာက ကျွန်တော် သုံးဂိုးသွင်းနိုင်လို့ပဲ။ အခြား ဘယ်အကြောင်းပြချက်မှ မပါဘူး”ဟု ဒီဘရိုင်းက ဆက်လက်ပြောကြားပါတယ်။

စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို ကြေကွဲဖွယ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ရှုံးနိမ့်ထွက်ခွာရမှုအပြီး သီတင်းတစ်ပတ်အတွင်း နယူးကာဆယ်ကို ငါးဂိုးသွင်းခဲ့သလို ဒီပွဲမှာလည်း ငါးဂိုးသွင်းပြီး တိုက်စစ်စွမ်းရည်ပြသခဲ့ပါတယ်။

“ချန်ပီယံလိဂ်ရှုံးပွဲရဲ့ ခံစားချက်က အခုချိန်ထိ တော်တော်ဆိုးနေတုန်းပဲ။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်ရမှာ အမှန်ပဲ။ ကံမကောင်းစွာနဲ့ပဲ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုအချိန်မှာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ ရှေ့ဆက်ရမှာပါ”လို့ ဒီဘရိုင်းက ဆိုပါတယ်။

#မန်စီးတီး #ဝုဗ် #ဒီဘရိုင်း