ရှေ့သို့
Image

ဘတ်ဂျက် ချွေတာနိုင်ရေး အလွတ်နဲ့ရမယ့် ကစားသမားတွေကိုလည်း ရှာဖွေနေတဲ့ ယူနိုက်တက်

3:48 PM, 11 May

မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီမှာ အဲရစ်တန်ဟတ်လိုချင်တဲ့ ကစားသမားတွေအတွက် ဘတ်ဂျက်အလုံအလောက် ရှိစေဖို့အတွက် ပြောင်းရွှေ့ကြေးအလွတ်နဲ့ရမယ့် အကောင်းဆုံး ကစားသမားတွေကိုလည်း ရှာဖွေနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းကို ကြီးကြီးမားမား ပြောင်းလဲရမှာ ဖြစ်ပြီး လက်ရှိယာယီနည်းပြ ရာ့ဖ်ရန်နစ်ကတော့ တန်ဟတ်အနေနဲ့ ကစားသမားသစ် ၁၀ ယောက်အထက် လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

ဒီလောက်ထိ ကစားသမားသစ် အများအပြား လိုအပ်ရတဲ့ အကြောင်းအရင်းကတော့ လက်ရှိယူနိုက်တက် အသင်းကြီးရဲ့ လူစာရင်းထဲက ကစားသမား ၁၃ ယောက်အထိ အသင်းကနေ ထွက်ခွာကြမှာ မို့လို့ပါပဲ။ ဒါပေမယ့် ကစားသမားသစ် အများကြီးကိုလည်း တစ်ခါတည်းခေါ်ယူဖို့ နည်းပြသစ်မှာ လုံလောက်တဲ့ ဘတ်ဂျက်မရှိပါဘူး။ The Sun သတင်းကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရင် အသုံးစရိတ်အဖြစ် ပေါင်သန်း ၁၀၀ ကျော်သာ ရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိသစ် ရစ်ချက်အာနိုးလ်ကိုယ်တိုင်ဦးဆောင်ပြီး  ကစားသမားအေးဂျင့်တွေထံ ဒီနွေရာသီမှာ အလွတ်နဲ့ရမယ့် အကောင်းဆုံးကစားသမားတွေရှိရင် အသင်းထံ ဆက်သွယ်ပေးဖို့ ပြောထားကြောင်း သိရပါတယ်။ မကြာသေးမီကမှ အပြောင်းအရွှေ့ ညှိနှိုင်းရေးခေါင်းဆောင် မတ်ဂျက်ဂျ်နဲ့ ကင်းထောက်ချုပ်တွေဖြစ်ကြတဲ့ ဂျင်လော်လာ၊ မာဆယ်ဘုထ်တို့ အသင်းကနေ ထွက်ခွာသွားကြတာကြောင့် လက်ရှိယူနိုက်တက်ရဲ့ ကစားသမားခေါ်ယူရေး ဌာနကလည်း ဦးဆောင်သူမဲ့လျက်ရှိပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းနဲ့ လက်ရှိနည်းစနစ်ဒါရိုက်တာ ဒါရင်းဖလက်ချာက လာမယ့်အပြောင်းအရွှေ့တွေမှာ အားကစားဒါရိုက်တာဂျွန်မားတော့ဂျ်နဲ့အတူ ဦးဆောင်သွားမှာဖြစ်ပါတယ်။ အလွတ်ကစားသမားတွေထဲမှာ ဒီရာသီကုန်မှာ စာချုပ်ကုန်မယ့် ထိပ်တန်းကစားသမားတစ်ချို့ ရှိနေပါတယ်။ ဒီကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ အန်တိုနီယိုရူဒီဂါကိုတော့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူသွားပြီ ဖြစ်တာကြောင့်ယူနိုက်တက်အနေနဲ့ အလွတ်နဲ့ရမယ့် ကစားသမား တစ်ယောက်ကို ဆုံးရှုံးထားပြီ ဖြစ်ပါတယ်။

ဗဟိုကွင်းလယ်ကစားသမားသစ်တစ်ဦးကတော့ အဲရစ်တန်ဟတ်ရဲ့ အလိုရှိစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေတာကြောင့် အေစီမီလန်ကနေ အလွတ်နဲ့ထွက်ခွာမယ့် ဖရန့်ဇ်ကတ်ဆီကတော့ ဒီနေရာအတွက် အကောင်းဆုံး ကစားသမားဖြစ်နေပါတယ်။ ဒါပေမယ့် သူကလည်း ဘာစီလိုနာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီးပြီလို့ သတင်းတွေ ထွက်နေတာကြောင့် ယူနိုက်တက်က ခေါ်ယူဖို့မလွယ်ပါဘူး။

အခြားအလွတ်ကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှူး ပေါ်လိုဒိုင်ဘာလာ၊ တောင်ပံကစားသမား အူစမာနီဒမ်ဘီလီနဲ့ ကွင်းလယ်ခံစစ်ကစားသမား ဘူဘာကာ ကာမာရာတို့ကတော့ ကျန်ရျိနေပါသေးတယ်။ အသင်းကနေ အလွတ်နဲ့ထွက်ခွာဖို့ ပြင်နေတဲ့ ပေါလ်ပေါ့ဂ်ဘာကိုလည်း စာချုပ်သစ်ပြန်ချုပ်လို့ ရနိုင်ပေမယ့် လက်ရှိအခြေအနေတွေအရတော့ မဖြစ်နိုင်တော့ပါဘူး။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက်ချ်