ရှေ့သို့
Image

တန်းဆင်းဇုန်ထဲက ပြန်ထွက်လာပြီးနောက် အဲဗာတန် ကစားသမားတွေအတွက် ဂုဏ်ယူနေတဲ့ လမ်းပတ်

11:45 AM, 9 May

ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက်အနိုင်ရပြီးတဲ့နောက်မှာတော့ သူ့ရဲ့အဲဗာတန်အသင်းဟာ ယုံကြည်မှုအပြည့်ပြန်လည်ဖြစ်လာခဲ့တယ်လို့ လမ်းပတ်ကတော့ ယုံကြည်နေပါတယ်။

အဲဗာတန်ဟာ လက်စတာနဲ့ သရေကျပြီး လီဗာပူးကို ရှုံးပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ချဲလ်ဆီးကို ၁-၀ နဲ့အနိုင်ရခဲ့ပါတယ်။ ယခုအပတ်ပွဲစဉ်မှာတော့ အဲဗာတန်ဟာ လက်စတာနဲ့ပြန်လည် ကစားခဲ့ရတာဖြစ်ပြီး King Power Station မှာပဲဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာတော့ အဲဗာတန်တို့ဟာ မိုင်ကိုလန်ကိုရဲ့မြေမကျကန်ချက်နဲ့အတူ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ မကြာခင်မှာ လက်စတာတို့ကလည်း ပြန်လည်ချေပဂိုးသွင်းယူခဲ့ပေမဲ့ နောက်မိနစ် ၃၀ အကြာမှာတော့ ဂရေးတင်ပို့လိုက်တဲ့ ထောင့်ကန်ဘောကို ဟိုလ်ဂိတ်မှ တစ်ဂိုးပြန်လည်ရရှိအောင် သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဧည့်သည်အသင်းဖြစ်တဲ့ အဲဗာတန်တို့ အရေးပါတဲ့ ၃ မှတ်ရရှိခဲ့ပါတယ်။ လိဒ်စ်အသင်း အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ယခုဆိုရင်တော့ အဲဗာတန်တို့ဟာ အောက်ဆုံး ၃ သင်းနေရာကနေ လွတ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သူတို့ဟာ တန်းဆင်းဇုံနဲ့ တစ်မှတ်သာကွာပြီးလွတ်တာဖြစ်ပြီး လိဒ်စ်နဲ့ ဘန်လေတို့ထက် တစ်ပွဲသာနေပါတယ်။ ပွဲပြီးတဲ့နောက်မှာတော့ လမ်းပတ်က လက်စတာစီးတီးကို သူ့ကစားသမားတွေအနိုင်ရဖို့ ထိုက်တန်တယ်လို့ ချီးကျူးခဲ့ပါတယ်။

 “သူတို့က အရမ်းစိတ်ဓာတ်ပြင်းထန်နေတယ်ဗျ။ ပွဲထဲမှာလည်း အရမ်းကစားနေတယ်။ ကျွန်တော်တို့တွေ အတူတူတိုက်ခိုက်နေတာပါ။ အရမ်းခက်ခဲတဲ့ပွဲတွေ ခက်ခဲတဲ့ ပြိုင်ဖက်တွေဆိုပေမဲ့ ကျွန်တော်တို့တွေ ထိုက်တန်ခဲ့ပါတယ်။ အခွင့်အရေးတွေ ဖန်တီးခဲ့တယ်။ ကံကိုအမိအရဖမ်းဆုတ်နိုင်ခဲ့တယ်။ အဲဒီအခိုက်အတန့်တွေကို ပျော်ရွှင်ခံစားရဦးမှာဖြစ်ပေမဲ့ လုပ်စရာတွေအများကြီးကျန်ပါသေးတယ်”လို့ BBC Sport ကို လမ်းပတ်က ပြောပါတယ်။ မိုင်ကိုလန်ကိုနဲ့ပက်သက်ပြီး အရမ်းဂုဏ်ယူမိတယ်။ သူကတကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် အဝေးကွင်းမှာ ဦးဆောင်ဂိုးကို အစောကြီးသွင်းသွားတယ်”လို့ သူကပြောပါတယ်။

လက်စတာရဲ့ပြန်လည်ချေပဂိုးကို ပြန်လည်သွင်းယူဦးဆောင်နိုင်ခဲ့တဲ့ ကိစ္စနဲ့ပက်သက်ပြီးတော့လည်း လမ်းပတ်က “ကျွန်တော်တို့ရဲ့ အဝေးကွင်းရလဒ်နဲဆို ဒုက္ခရောက်သွားနိုင်တယ်။ ဒါပေမဲ့ ကောင်လေးတွေက ပြန်ပြီး အကောင်းဆုံးကစားခဲ့တယ်။ ဂိုးပြန်ရဖို့ကို အချိန်တိုင်းကြိုးစားနေခဲ့တယ်။ ပစ်ဖို့ဒ်ကလည်း အကောင်းဆုံးပုံစံမှာ ရှိနေတော့ ချီးကျူးခံရဖို့ထိုက်တန်တယ်။ အရေးကြီး ဂိုး ၂ ဂိုးလောက်ကို သူကာကွယ်ခဲ့တာဆိုတော့ သူ့လိုကစားသမားကောင်းတွေရဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့တွေ ယုံကြည်မှုတွေ ပြန်ပြည့်လာပြီဗျ။ ချဲလ်ဆီးနဲ့အိမ်ကွင်းပွဲတုန်းကလည်း ကောင်းခဲ့ပေမဲ့ အခုအဝေးကွင်းပွဲကမှ တကယ်ပိုကောင်းတာပါ။ အဲဗာတန်တွေက တကယ်အံ့ဩဖို့ကောင်းတယ်ဗျာ။ သူတို့ မနေ့ကလုပ်ခဲ့တာမျိုး ကျွန်တော်တစ်ခါမှ မကြုံခဲ့ဖူးဘူး။ သူတို့က အရမ်းအံ့ဩဖို့ကောင်းလို့ ကျွန်တော်တို့တွေ သူတို့ကိုဘယ်လိုခံစားရလဲ သူတို့သိအောင် အားပေးမှုတွေလိုအပ်ပါတယ်။ လုပ်စရာတွေလည်း ကျန်ပါသေးတယ်”လို့ လမ်းပတ်က ပြောသွားခဲ့ပါတယ်။

#အဲဗာတန် #လမ်းပတ်