ရှေ့သို့
Image

ချန်ပီယံလိဂ်က ထွက်ခဲ့ရတာကို မန်စီးတီးအသင်း မမေ့သေးကြောင်း ရိုဒရီဆို

9:48 AM, 9 May

ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးပြီးထွက်ခဲ့ရတာဟာ စစ်ပွဲတစ်ပွဲကိုရှုံးခဲ့ရတာနဲ့တူတယ်လို့ ရိုဒရီက ဝန်ခံလိုက်ပါတယ်။ ဒုကျော့ပွဲစဉ်ပြီးဆုံးခါနီးမှာ နှစ်ကျော့ပေါင်း ၂ ဂိုးအသာနဲ့ ရီးရဲလ်ကို ဦးဆောင်ခဲ့တဲ့မန်စီးတီးဟာ အချိန်ပိုမှာတော့ ဘဝပျက်ခဲ့ရတာပဲဖြစ်ပါတယ်။

နယူးကာဆယ်ကို ၅-၀ နဲ့အနိုင်ရခဲ့တာကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာတော့ ဖလားရနိုင်ခြေရှိလာခဲ့ပေမဲ့ ဥရောပပြိုင်ပွဲက ရှုံးပွဲကိုတော့ မေ့ဖို့ခက်တယ်လို့ ရိုဒရီက ဝန်ခံလိုက်ပါတယ်။

“စစ်ပွဲတစ်ပွဲလိုပေါ့ဗျာ။ ဦးနှောက်ထဲမှာ စစ်တလင်းလိုဖြစ်နေတာ။ ဘာတွေဖြစ်သွားခဲ့လဲဆိုတာကို တွေးနေမိတယ်။ ခက်ခဲလွန်းတယ်။ အဲဒီကိစ္စကြီးဖြစ်လာဖို့ ၈ လလောက်တောင် စောင့်ခဲ့ရတာကို ရောက်လာတော့ နောက်ဆုံးမိနစ်ပိုင်းလေးအတွင်းမှာ ပျောက်ကွယ်သွားခဲ့တယ်။ ရီးရဲလ်ကို ရှုံးသွားတဲ့ ကိစ္စကြီးက တော်တော်ကြီးတယ်။ ဒါပေမဲ့ ဘောလုံးဆိုတာ အဲလိုပါပဲ။ ပရီးမီးယားလိဂ်ဖက်ကိုပဲ ပြန်အာရုံစိုက်ရမှာပေါ့။ ဘာလို့ဆို အဲဒါကပိုခက်ခဲပါတယ်။ ကျွန်တော်တို့ ဒီနေ့ကစားခဲ့တာ အရမ်းကောင်းပါတယ်။ ဒီတိုင်းပဲဆက်ကစားနေရမယ်။ လီဗာပူးအကြောင်းဘာမှတွေးမနေဘဲ  ဆက်ကစားနေရမယ်။ နောက်ဆုံးသုံးပွဲကျန်သေးတာဆိုတော့ ဒီရာသီမှာ ထိုက်တန်တဲ့ပုံစံနဲ့ ဆက်ကစားရပါဦးမယ်”လို့ ရိုဒရီကဆိုပါတယ်။

ဂျက်ဂရီးလစ်ရှ်ကတော့ ရီးရဲနဲ့ပွဲက ရှုံးခဲ့ပေမဲ့ သူတို့ရဲ့အနိုင်ရလိုတဲ့စိတ်ဓာတ်ကို နယူးကာဆယ်နဲ့ပွဲမှာ ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ရီးရဲလ်နဲ့ပွဲမှာ ရှုံးခဲ့လို့ ဖိအားတွေရှိနေမှာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ဒီနေ့အကောင်းဆုံး ပြန်ကစားနိုင်ခဲ့တယ်။ လိုအပ်တဲ့အတိုင်းပဲ ကျွန်တော်တို့တွေ ကစားနိုင်ခဲ့တယ်။ ရာသီကိုလည်း အကောင်းဆုံးအဆုံးသတ်သွားမှာဖြစ်သလို ဒီနေ့လည်း အကောင်းဆုံးကစားနိုင်ခဲ့တယ်”လို့ ဂရီးလစ်ရှ်ကဆိုပါတယ်။

#လာလီဂါ #မန်စီးတီး #ရိုဒရီ #ရီးရဲလ်မက်ဒရစ်