ရှေ့သို့
Image

ချန်ပီယံဆုအတွက် ခြေချော်ခဲ့ပေမယ့် ဆက်လက်တိုက်ပွဲဝင်ဖို့ ဖာဘင်ဟိုနဲ့ ဗန်ဒိုက်တို့ တိုက်တွန်း

9:38 AM, 9 May

တော့တင်ဟမ်အသင်းကို သရေကျခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ခြေချော်ခဲ့ပေမယ့် ကျွန်တော်တို့က လူသားတွေဖြစ်တာကြောင့် အခုလိုဖြစ်နိုင်ပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ လီဗာပူးစတား ၂ ဦးဖြစ်တဲ့ ဖာဘင်ဟိုနဲ့ ဗန်ဒိုက်တို့က ပြောကြားလိုက်ပါတယ်။

ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ စနေနေ့က အန်ဖီးလ်မှာ တော့တင်ဟမ်ကို သရေကျခဲ့တာကြောင့် မန်စီးတီးကို ဂိုးကွာခြားချက်အသာနဲ့ ယာယီကျော်တက်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ပါတယ်။ စီးတီးလက်ထဲမှာ တစ်ပွဲကျန်နေတာကြောင့် ပရီးမီးယားလိဂ်ရဖို့အတွက် ရေပန်းအစားဆုံးဖြစ်လာခဲ့ကာ လီဗာပူးက စီးတီးကို ဖိအားပေးနိုင်မယ့်အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။

ဆွန်ဟောင်မင်က ပွဲကစားချိန် ၅၆ မိနစ်မှာ ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ပေမယ့် ဒီယက်ဇ်က ချေပဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့တာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဖာဘင်ဟိုက နောက်ဆုံးခရာမှုတ်ချိန်မှာ စိတ်ပျက်နေပြီး ချန်ပီယံဆုအတွက် ခြေအနည်းငယ်ချော်ခဲ့ပေမယ့် အဆုံးထိ ဆက်လက်တိုက်ပွဲဝင်ဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။

“တော့တင်ဟမ်က တကယ်ကောင်းကောင်းကစားခဲ့ပါတယ်။ သူတို့က တန်ပြန်တိုက်စစ်မှာ တကယ်ကောင်းတဲ့ အသင်းပါ။ ကျွန်တော်တို့ ကောင်းကောင်းကာကွယ်နိုင်ခဲ့တာကြောင့် သူတို့အခွင့်အရေးအများအပြား မဖန်တီးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ရလာတဲ့အခွင့်အရေးတစ်ကြိမ်ကနေ ၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဒီယက်ဖ်က ချေပဂိုးသွင်းယူပေးနိုင်ပြီးနောက် ဖိအားပြန်ပေးနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ ၁ မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ ကမ္ဘာ့အကောင်းဆုံးအသင်း တစ်သင်းနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်တော်တိ့ု သိပါတယ်။ စီးတီးနဲ့အားပြိုင်မှာ အမှတ်ဆုံးရှုံးနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲ့တာက ချန်ပီယံဆုကို လွဲချော်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လူသားတွေဖြစ်တာကြောင့် ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော်အရင်က ပြောသလို ဆက်လက်တိုက်ပွဲသွားမှာပါ”လို့ ဖာဘင်ဟိုက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလနောက်ပိုင်း အန်ဖီးလ်မှာ အမှတ်ဆုံးရှုံးခဲ့ရတာနဲ့ပတ်သက်ပြီး ဗန်ဒိုက်က “ကျွန်တော်တို့ သူ့တို့ပွဲအစီအစဉ်ကို သိခဲ့ပါတယ်။ ပြီးတော့ သူတု့ိအရည်အချင်းကို သိခဲ့ရပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပါ။ ကျွန်တော်တို့ ကျွန်တော်တို့ မလုံလောက်ခဲ့ဘူးလို့ ထင်ပါတယ်။ အမှတ်လျော့တာက စိတ်ပျက်ဖို့ကောင်းပါတယ်။ လက်ကျန်ပွဲတွေရှိနေတာကြောင့် ပြန်လာနိုင်ဖို့ ရှိနေပါသေးတယ်။ အခွင့်အရေးဖန်တီးနိုင်ခဲ့တဲ့သူတို့ကို အသိအမှတ်ပြုရပါမယ်။ ကျွန်တော်တို့ အနိုင်ရရှိဖို့တိုက်ပွဲဝင်ခဲ့ပေမယ့် ထင်ထားသလိုတော့ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့က လူသားတွေပါ။ ဒါကြောင့် အမှတ်လည်းဆုံးရှုံးနိုင်ပါတယ်”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်နဲ့ပွဲမှာ အမှတ်လျော့ခဲ့ပေမယ့် လီဗာပူးဟာ လက်ကျန် ၃ ပွဲကစားဖို့ ကျန်ရှိနေတာဖြစ်ပြီး ချန်ပီယံဆုရယူနိုင်ဖို့ အခွင့်အရေးရှိနေသေးတာဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အသင်းဟာ အင်္ဂါနေ့မှာ ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲကစားရမှာဖြစ်ပါတယ်။

အဲ့နောက်မှာ ဆောက်သမ်တန်၊ ဝုဗ်အသင်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စီးတီးက ဝုဗ် ၊ ဗီလာ ၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲမတိုင်ခင် နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးက မေလ ၂၈ ရက်နေ့မှာ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကစားရဦးမှာဖြစ်ပါတယ်။

#လီဗာပူး #တော့တင်ဟမ် #ဗန်ဒိုက် #ဖာဘင်ဟို