ရှေ့သို့
Image

ဇန်နဝါရီမှာ တိုက်စစ်ကစားသမားသစ် မခေါ်ခြင်းဖြင့် ထိပ်သီး၄သင်း အခွင့်အရေးကို ယူနိုက်တက် လွှင့်ပစ်ခဲ့ဟု ရန်းနစ် ဝေဖန်

9:33 AM, 7 May

ရက်ဖ် ရန်းနစ်က ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့အတွင်း တိုက်စစ်ကစားသမား မခေါ်ခဲ့ဘဲ ထိပ်သီး၄သင်း အခွင့်အရေးကို လွှင့်ပစ်ခဲ့ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

ယူနိုက်တက်ယာယီနည်းပြက ကာဗာနီ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းနေရချိန် မာရှယ် အငှားထွက်ကစားကာ ဂရင်းဝုဒ်အသင်းက ဖယ်ရှားခံရပြီး အသင်းက တိုက်စစ်ပြဿနာ ရှိလာမယ်ဆိုတာကို ကြိုမြင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျာမန်သားရဲ့ တင်ပြချက်တွေကို ယူနိုက်တက်က ခေါ်ယူစရာ ကစားသမား မရှိဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

ရန်းနစ်က “ကျွန်တော် ဘုတ်နဲ့ စကားပြောပြီး ကစားသမားတစ်ယောက်ကို အငှား ဒါမှမဟုတ် အပြီးသတ် ခေါ်ယူဖို့ အနည်းဆုံးတော့ ဆွေးနွေးဆန်းစစ်ကြည့်ဖို့ ပြောခဲ့ပါတယ်။ နောက်ဆုံးမှာ အဖြေက နိုးပါ”“သူတို့ ဆောင်းရာသီမှာ လူမခေါ်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါက အရေးမကြီးပါဘူး။ အဖြေက နိုးဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ၄၈နာရီအတွင်း ကြိုးစားခဲ့သင့်တယ်လို့ ယုံကြည်နေတုန်းပါပဲ။ ဘုတ်ကလည်း ဒီလိုပဲ မြင်ပါတယ်။ သူတို့ သဘောတူခဲ့ကြပေမဲ့ ကျွန်တော့်လိုပဲ ကင်းထောက်အဖွဲ့နဲ့ တစ်ချိန်တည်းမှာ ဆွေးနွေးခဲ့ကြပါတယ်။

“အဲ့ဒီအချိန် ရတဲ့အဖြေက နိုးပါ။ ကျွန်တော်တို့ကို အဲ့ဒီတုန်းက ကူညီနိုင်မယ့် ကစားသမား မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဂရင်းဝုဒ် မရှိတော့တာ၊ မာရှယ် ထွက်သွားတာတွေ သိပြီး ၄၈နာရီအတွင်း ကြိုးစားခဲ့သင်ပါတယ်”“ကာဗာနီက ၈ပွဲကနေ ၁၀ပွဲကြား လွဲချော်မယ်ဆိုတာ ကြိုသိခဲ့သင့်ပါတယ်။ ကျွန်တော် တိုက်စစ်ကစားသမားသစ်ခေါ်ဖို့ ဒီထက်ပိုတွန်းအားပေးခဲ့သင့်ပေမဲ့ ခုလိုပဲဖြစ်သွားပြီး ဒီအချိန်ကတော့ ရှေ့ကို ကြည့်ရမယ့်အချိန်ပါပဲ”လို့ ပြောခဲ့ပါတယ်။

ရန်းနစ်က ယူနိုက်တက် ခေါ်စရာ ကစားမရှိဘူးပြောနေချိန် လီဗာပူးက ဒီယက်ဇ်၊ မန်စီးတီးက ခေါ်ယူပြီး အငှားပြန်ချခဲ့တဲ့ အယ်ဗာရက်ဇ်၊ ဂျူဗင်တပ်စ်က ခေါ်ယူခဲ့တဲ့ ဗလာဟိုဗစ်တို့နဲ့ ထောက်ပြခဲ့ပါတယ်။

“ခေါ်လို့ရတဲ့ ကစားသမားအချို့ ရှိခဲ့ပါတယ်။ အခု လီဗာပူးရောက်နေတဲ့ ဒီယက်ဇ်၊ မန်စီးတီးကို နွေရာသီမှာ ရောက်လာမယ့် အယ်ဗာရက်ဇ်၊ အဲ့ဒီတုန်းက ဖီအိုရင်တီးနားမှာပဲ ရှိနေသေးတဲ့ ဗလာဟိုဗစ်တို့ပါ။ ဒါကြောင့် အဲ့ဒီ၃ယောက်က အခု ကျွန်တော့် စိတ်ထဲပေါ်လာတဲ့ ကစားသမားတွေပါပဲ”လို့ ဆိုခဲ့ပါတယ်။

အဆိုပါ ကစားသမားတွေထဲက ၁ဦးကို ခေါ်ယူနိုင်ခဲ့သင့်လားလို့ မေးတဲ့အခါ ရန်းနစ်က “ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ခုနက ပြောသလို အဲ့ဒီအကြောင်း အနည်းဆုံးတော့ ဆွေးနွေးခဲ့သင့်ပါတယ်။ အဲ့ဒီလို ဆွေးနွေးဖို့က လိုအပ်ပြီး အရေးကြီးပါတယ်။ ကျွန်တော်တို့ အနည်းဆုံးတော့ ကြိုးစားခဲ့သင့်တယ်လို့ ယုံကြည်နေဆဲပါ” “နောက်ကျမှ သိရပေမဲ့ ၄၈နာရီဆိုတာ အချိန်တစ်ခုပါပဲ။ အနည်းဆုံးတော့ ဆွေးနွေးပြီး ကြိုးစားခဲ့ကြည့်သင့်ပါတယ်။ ကျွန်တော်တို့ မလုပ်ခဲ့တာကြောင့် ဖြစ်မလာခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂရင်းဝုဒ် #ရန်းနစ်