ရှေ့သို့
Image

ရီးရဲလ်ကြယ်ပွင့် ကစားသမားကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဘောလုံးဂန္တဝင် ပီလီ

2:13 PM, 6 May

ဥရောပအဆင့်ပြိုင်ပွဲတွင် ကောင်းမွန်သောပုံစံဖြင့် စွမ်းဆောင်ရည်ကောင်းများထုတ်ပြနေသော ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ်သမား ရိုဒရီဂိုသည် လက်ရှိအခိုက်အတန့်တွင် ချီးကျူးဂုဏ်ပြုမှုများ မပြတ်ရရှိနေသည်။

ရီးရဲလ်မက်ဒရစ်၏ မန်စီးတီးနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ပွဲချိန်နောက်ဆုံး မိနစ်များအရောက် ရိုဒရီဂိုက ထိပ်တန်းခြေစွမ်းပြသကာ သွင်းဂိုးနှစ်ဂိုး ရယူပေးခဲ့သည်။ ရိုဒရီဂို၏ သွင်းဂိုးနှစ်ဂိုးက ရီးရဲလ်အတွက် ပြိုင်ပွဲမှထွက်ခွာရခြင်းဆိုသော ဘေးအန္တရာယ်ကို ကာကွယ်ပေးခဲ့သည်။ ထို့နောက် ရီးရဲလ်အတွက် ဘန်ဇီးမားက ပယ်နယ်တီဖြင့် အနိုင်ဂိုးသွင်းယူကာ ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲဆီသို့ တက်လှမ်းခဲ့သည်။

ရိုဒရီဂိုမှာ ကောင်းမွန်သော ရာသီတစ်ခုကို ပိုင်ဆိုင်နေသော်လည်း ခြေစွမ်းမတည်ငြိမ်မှုကြောင့် ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းတွင် ပါဝင်နိုင်ဖို့ အဆန်စီယိုနှင့်အပြိုင် တိုက်ပွဲဝင်နေရသည်။ ယခုအခါမှာတော့ ရိုဒရီဂို၏ လူငယ်ကစားသမားဘ၀ အကြီးမားဆုံးအခိုက်အတန့်အဖြစ် မိခင်နိုင်ငံသူရဲကောင်း များအနက် တစ်ဦးထံမှ ချီးကျူးဂုဏ်ပြုစကား ရရှိခဲ့သည်။ ဘရာဇီးလ်ဂန္တဝင်ပီလီက Instagram လူမှုကွန်ရက်မှတဆင့် ရီးရဲလ်ကြယ်ပွင်ထံ ဂုဏ်ပြုစကားပေးပို့ခဲ့သည်။

ပီလီက “သူငယ်ချင်းရေ။ မင်းဆီကို ဂုဏ်ပြုစကားပေးပို့ဖို့ နေ့ရက်အချိန်တစ်ခုရောက်လာမယ်ဆိုတာ ငါအမြဲတမ်း သိနေခဲ့ပါတယ်။ ဒါက အလုပ်ကိုကြိုးစားပြီး အလုပ်အပေါ်ချစ်မြတ်နိုးတဲ့သူအတွက် အခြားလုပ်ပေးစရာမလိုတဲ့ နည်းလမ်းတစ်ခုပဲလေ။ မင်းက အသိအမြင်ကြွယ်ဝသလို ငါတို့ဆီ ပျော်ရွှင်စရာတွေ ယူဆောင်လာမှာပါ ရိုဒရီဂိုရေ။ ချီးကျူးဂုဏ်ပြုတယ် ရီးရဲလ်မက်ဒရစ်! ဗိုလ်လုပွဲကို ငါ အရမ်းကြည့်ချင်နေပြီ” ဟု ရေးသားခဲ့သည်။

ရိုဒရီဂိုမှာလည်း ယခုလကုန် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ပါဝင်နိုင်ရေး ရာသီလက်ကျန် ပွဲစဉ်များတွင် ခြေစွမ်းပြသနိုင်ရန် အာရုံစိုက်ကြိုးစားနေလိမ့်မည်။

#လာလီဂါ #ပီလီ #ရိုဒရီဂို #ရီးရဲလ်မက်ဒရစ်