ရှေ့သို့
Image

လီဗာပူး နောက်ခံလူကို ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ခံစစ်မှူးအဖြစ် ချီးကျူးလိုက်တဲ့ အိုဝင်

1:53 PM, 4 May

အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လီဗာပူး နောက်ခံလူ ဗန်ဒိုက်ကို ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ဗဟိုခံစစ်ကစားသမားအဖြစ် ဗီလာရီးရဲလ်နဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အပြီးမှာ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်း၊ စပိန်မြေမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အိမ်ရှင်ဗီလာရီးရဲလ်ကို လီဗာပူးက ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး BT Sport ရဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။

BT Sport ၏ ဘောလုံးဝေဖန်သုံးသပ်သူ၊ လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က “ကောင်းပြီ။ ကျွန်တော်တို့ ဆက်ဆွေးနွေးကြမယ်ဆိုရင် ဗန်ဒိုက်က အချိန်တိုင်းရဲ့ အကောင်းဆုံးဗဟိုခံစစ်မှူးပဲ။ သူက ဂိုးအနည်းငယ်လည်း သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ တကယ့်ကို အကောင်းဆုံး ဗဟိုခံစစ်မှူး တစ်ဦးအကြောင်း ဆွေးနွေးနေတာ ဖြစ်တယ်။ ကျွန်တော်ဘောလုံးကစားစဉ်ကာလတုန်းက ရီယိုဖာဒီနန်က အကောင်းဆုံးဗဟိုခံစစ်မှူးပဲ။ ဒါပေမယ့် အခု ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ ဒီကောင့်ကို ငါဘယ်လိုကျော်ဖြတ်ရမလဲလို့ စဉ်းစားနေမိမှာပဲ။ သူက အခြားသူတွေထက် လူကောင်ကြီးကြီး၊ အပြေးမြန်မြန်နဲ့ သန်လည်း သန်မာတယ်။ ဗန်ဒိုက်က ဘောလုံးမှာ လက်ဖျားခါလောက်အောင် ကောင်းတယ်။ ကျွန်တော် ဒီလိုခံစစ်မှူးမျိုး မမြင်ဖူးဘူး။ လက်ရှိအချိန်မှာ ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ ကျွန်တော်စိတ်ညစ်မိမှာ အမှန်ပဲ။ သူက ပရီးမီးယားလိဂ်တစ်ကြိမ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ် အနိုင်ရခဲ့ဖူးတယ်။ လူတွေကတော့ ဖာဒီနန်တို့၊ မာလ်ဒီနီတို့၊ ဘာရီဆီ တို့ကို ကြိုက်ကြသလို ဒီကစားသမားတွေထဲကပဲ အကောင်းဆုံး ခံစစ်မှူး ဘယ်သူလဲဆိုတာ ဆုံးဖြတ်ကြတယ်။ သူတို့က အောင်မြင်မှုတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့လို့ပါ။ ဒီအချက်ကပဲ ဗန်ဒိုက်အနေနဲ့ သူတို့ကို ယှဉ်ပြိုင်ရမယ့် တစ်ခုတည်းသော အရာပဲ။ ဒါပေမယ့် ဒီတစ်ခုကို ဖယ်လိုက်မယ်ဆိုရင်တော့ ဗန်ဒိုက် ကစားတာကို ကြည့်လိုက်ရင် ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးမိပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ဆဲလ်တစ်အသင်းနဲ့အတူ  စကော့တလန်ပရီးမီးယားရှစ်ချန်ပီယံဆုကို ၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီတွေမှာ အနိုင်ရရှိခဲ့သလို တစ်ဦးချင်းထူးချွန်ဆု အမြောက်အများကိုလည်း ရရှိခဲ့ပါတယ်။ ဗန်ဒိုက် အနေနဲ့ ရာမို့စ်၊ ဗာရာနီ၊ သီယာဂိုဆေးဗားလ်၊ ချီလီရယ်နီ၊ ကွန်ပနီတို့လို ခေတ်ပြိုင် အကောင်းဆုံး ခံစစ်မှူးတွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် လမ်းကြောင်းထဲမှာ ရှိနေပါသေးတယ်။

#လီဗာပူး #အင်္ဂလန် #ဗီလာရီးရဲလ် #ချန်ပီယံလိဂ် #မိုက်ကယ်အိုဝင်