ရှေ့သို့
Image

ဒီယက်ဇ်ကြောင့် ပွဲအခြေအနေပြောင်းခဲ့တာလို့ ခရော့ချ်နဲ့ အိုဝင်ချီးကျူး

1:42 PM, 4 May

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုကျော့ပွဲစဉ် ဗီလာရီးရဲလ်နဲ့ပွဲမှာ ဒီယက်ဇ်ကို လူစားလဲခဲ့တာဟာ လီဗာပူးတို့ အနိုင်ရစေခဲ့တဲ့အကြောင်းအရင်းဖြစ်တယ်လို့ ပီတာခရော့ချ်နဲ့ မိုက်ကယ်အိုဝင်တို့က ဆိုပါတယ်။

အဆိုပါဒုကျော့ပွဲစဉ်ရဲ့ပထမပိုင်းမှာ ဒီယာနဲ့ကိုကွီလင်တို့ ဦးဆောင်ဂိုး ၂ ဂိုးသွင်းယူသွားခဲ့တဲ့အတွက် ဗီလာရီးရဲလ်ဟာ လီဗာပူးတို့နဲ့ နှစ်ပွဲပေါင်းရလဒ်ပြန်လည်တူသွားခဲ့တာဖြစ်ပြီး လီဗာပူးတို့ ပြန်လည်ဂိုးသွင်းယူဖို့ လိုအပ်နေခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်လီဗာပူးနည်းပြဂျာဂျင်ကလော့ပ်ဟာ  ဂျိုတာရဲ့နေရာမှာ ဒီယက်ဇ်ကိုလူစားလဲပြီး ဒုတိယပိုင်းမှာ ကစားကွက် အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီယက်ဇ်ဝင်လာတဲ့အချိန်ကစပြီး လီဗာပူးအသင်းဟာ ဗီလာရီးရဲလ်ရဲ့ခံစစ်ကို ဖြည်းဖြည်းမှန်မှန်နဲ့ သိသိသာသာထိုးဖောက်နိုင်လာခဲ့ပါတယ်။ အဆိုပါကိုလံဘီယာလက်ရွေးစင်ကစားသမားဟာ ချေပဂိုးပြန်လည်သွင်းယူခဲ့တဲ့ဖာဘင်ဟိုလိုမျိုး တစ်ဂိုး သွင်းခဲ့သေးတာဖြစ်ပြီး အဆိုပါကစားသမားနဲ့ မာနေးတို့ သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် လီဗာပူးဟာ နှစ်ကျော့ပေါင်း ၅-၂ ဆိုတဲ့ ရလဒ်ကိုရသွားခဲ့ပါတယ်။ ဇန်နဝါရီလကမှ လတ်မှတ်ထိုးထားတဲ့ အဆိုပါကစားသမားကို ခရော့ချ်နဲ့ အိုဝင်တို့ကတော့ ချီးကျူးနေခဲ့ပါတယ်။

“သူက အရမ်းအံ့ဩဖို့ကောင်းတယ်။ သူ ပွဲထဲကိုဝင်လာတာနဲ့ ခြေစွမ်းစပြတော့တာပဲ။ သူက ကစားပွဲကို လုံးဝပြောင်းလဲပစ်လိုက်တဲ့သူပါ။ ဖိုင်နယ်မှာ သူပါမှာ။ သူဝင်လာတည်းက တစ်ပွဲလုံးကပိုပြီး အားကောင်းလာတာ။ ကလော့ပ်ကို သူ့အကြောင်း မေးကြည့်တော့လည်း ဒီကစားသမားရဲ့ခြေစွမ်းကို သူနေ့တိုင်း သဘောကျတယ်လို့ ပြောတယ် ”ဆိုပြီး ကရော့ချ်ပြောပါတယ်။

အိုဝင်ကလည်း ခရော့ချ်ပြောတာကို ထောက်ခံပြီးတော့ “ သူ့လိုမျိုးကစားတဲ့ ကစားသမားမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ သူက မတူညီတဲ့လိဂ်မှာ ကစားနေရတယ်၊ ဘာသာစကားကလည်း မပြောတတ်ဘူး ဒါတောင် သူအကောင်းဆုံး ခြေစွမ်းနဲ့ ကစားနေနိုင်သေးတယ်။ လီဗာပူးရဲ့ နည်းစနစ်က တကယ်မယုံနိုင်စရာပါပဲ။ သူ ဖိုင်နယ်ပွဲမှာပါမှာ သေချာပါတယ်” လို့ ဆိုခဲ့ပါတယ်။

#လီဗာပူး #ဗီလာရီးရဲလ် #ဒီယက်ဇ် #ချန်ပီယံလိဂ် #ပီတာခရော့ချ် #မိုက်ကယ်အိုဝင်