ရှေ့သို့
Image

ယူနိုက်တက်မှာ ရန်းနစ် အချိန်ပိုင်းလုပ်နေဦးမှာက အဓိပ္ပာယ်မရှိတာပဲလို့ဆိုလိုက်တဲ့ ကာရေဂါ

1:41 PM, 3 May

ဂျာမန်လူမျိုးနည်းပြဖြစ်သူရဲ့ အသင်းကိုယာယီအုပ်ချုပ်နေမှုဟာ အဲရစ်တန်ဟက်ရောက်ရှိလာမယ့် ယခုလကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရန်းနစ်ကတော့ အသင်းရဲ့အကြံပေးနေရာကို ပြောင်းလဲရောက်ရှိတော့မှာဖြစ်ပါတယ်။

သို့သော်ငြားလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ ရန်းနစ်ဟာ ယူနိုက်တက်မှာ အကြံပေးလုပ်နေရင်းနဲ့ ဩစတြီးယားနိုင်ငံအသင်းရဲ့ နည်းပြလုပ်ဖို့ကိုလည်း လက်ခံလိုက်တာဖြစ်ပါတယ်။ လီဗာပူးဂန္တဝင်ကစားသမားကတော့ ဘာကြောင့် ဒီလိုလုပ်ခွင့်ပြုထားရလဲကို နားမလည်ဘူးဖြစ်နေပါတယ်။

“ရန်းနစ်ဆိုတာ တကယ့်နည်းပြတစ်ယောက်မဟုတ်ဘူး။ ဘောလုံး ဒါရိုက်တာတစ်ယောက်သာသာပဲ။ နည်းပြတွေကို ကူညီပြီးတော့ အသင်းတစ်သင်းကို တည်ထောင်ပေးရမယ့်သူမျိုးပေါ့”လို့ ကာရေဂါက Sky Sports ကိုပြောပါတယ်။

“ကျွန်တော် ခင်ဗျားကို အပွင့်လင်းဆုံးပြောပြမယ်။ ကျွန်တော်တော့ နားမလည်ဘူးဗျ။ ခင်ဗျား ဩစတြီးယားရဲ့ နည်းပြလုပ်မယ်ဆိုရင် ယူနိုက်တက်အတွက် အလုပ်လုပ်ပေးလို့မရတော့ဘူးလေ။ သူက ယူနိုက်တက်အတွက် အဲနေရာကနေ အလုပ်လုပ်ပေးလို့ရတယ်ပေါ့လေ။ မှားတယ်ဗျ။ အဲလိုမဖြစ်သင့်ဘူး။ ဩစတြီးယားအသင်းရဲ့နည်းပြက ယူနိုက်တက်အတွက် အချိန်ပိုင်းလုပ်လို့မရဘူးလေ။ အဓိပ္ပာယ်မရှိတာပဲ။ တစ်သင်းဆို တစ်သင်းပဲရွေးပေါ့”လို့ သူကဆိုပါတယ်။

ရန်းနစ် ယူနိုက်တက်ကိုကိုင်တွယ်ခဲ့ရတဲ့နောက်ဆုံး အိမ်ကွင်းပွဲမှာတော့ ဘရန့်ဖို့ဒ်ကို ၃-၀ နဲ့အနိုင်ရခဲ့ပြီး ဖာနန်ဒက်စ်၊ ရော်နယ်ဒို၊ ဗာရန်နီတို့က သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ် အရည်အချင်းမပြည့်မီဘဲ ထွက်ခဲ့ရတဲ့ရာသီအဆုံးသတ်မလို့ သနားစရာကောင်းခဲ့ပေမဲ့  သူတို့ဟာ ယခုဆိုရင်တော့ ထိပ်ဆုံး ၆ သင်းထဲ ရောက်ခဲ့ပြီမလို့ ယူရိုပါလိဂ် ဝင်ခွင့်တော့ရခဲ့ပြီပဲဖြစ်ပါတယ်။

ယူနိုက်တက်ကို နည်းပြလုပ်ခဲ့ရတာနဲ့ ပက်သက်ပြီးမေးတဲ့အခါ ရန်းနစ်က “နောက်ဆုံးမှာတော့ ရလဒ်ကို ကျွန်တော်သဘောမကျပါဘူး။ အဓိကကတော့ နောက်ဆုံးလေးပတ် ငါးပတ်မှာပါ။ ဝက်စ်ဟမ်း ပွဲမတိုင်ခင်ထိ ကျွန်တော်တို့က ပြိုင်ပွဲထဲမှာ ပါနေခဲ့သေးတာပါ။ ဝက်စ်ဟမ်းပွဲမတိုင်ခင်အထိ ခြေစွမ်း တော်တော်ကောင်းနေခဲ့တာပါ။ ဂိုးတွေလည်း သိပ်မပေးရဘူး။ ဒါပေမဲ့ နောက်ဆုံးအပတ်တွေရောက်လာတော့ ကောင်းသင့်သလောက် မကောင်းတော့ဘူး။ ကြံ့ခိုင်နိုင်စွမ်းတွေ၊ ရုန်းအားတွေ ပျောက်သွားတာ”လို့ ဆိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာရေဂါ #ရန်းနစ်