ရှေ့သို့
Image

ရာထူးကနေနှုတ်ထွက်သွားခဲ့တဲ့ ယူနိုက်တက်အပြောင်းအရွှေ့တာဝန်ခံ ဒါရိုက်တာ

4:43 PM, 30 April

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့တာဝန်ခံ ဒါရိုက်တာဖြစ်တဲ့ မတ်ဂျက်ဂျ်ဟာ ရာထူးကနေ နှုတ်ထွက်သွားခဲ့တာကြောင့် ယူနိုက်တက်ရဲ့ နွေရာသီအပြောင်းအရွှေ့ ဗျူဟာတွေကတော့ နောက်တစ်ကြိမ် အလှည့်အပြောင်း ဖြစ်ခဲ့ပြန်ပါပြီ။

ယူနိုက်တက်ဟာ နည်းပြသစ်အဲရစ်တန်ဟတ် အမြဲတမ်းနည်းပြအဖြစ် ရောက်ရှိလာမယ့် နွေရာသီကစလို့ အသင်းကို အကြီးစားပြုပြင်ပြောင်းလဲမှု ပြုလုပ်သွားမှာဖြစ်ပြီး ကစားသမားအပြောင်းအလဲတွေအပြင် ဘုတ်အဖွဲ့ဝင်ဒါရိုက်တာတွေကိုပါ ပြောင်းလဲနေတာပဲ ဖြစ်ပါတယ်။ လက်ရှိယာယီနည်းပြ ရာဖ့်ရန်နစ်ဟာ သြစတီးယားလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်လာသော်လည်း နည်းပြတန်ဟတ်ကတော့ အသင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်ရှိထားရှိဖို့ စီစဉ်ထားပါတယ်။ 

ယူနိုက်တက်ရဲ့အပြောင်းအရွှေ့ ပေါ်လစီကို တန်ဟတ်ရော ရန်နစ်ကပါ အပြင်းအထန်ဝေဖန်ခဲ့ပြီး မကြာသေးမီကမှ ယူနိုက်တက်ရဲ့ သက်တော်ရှည် ကင်းထောက်ခေါင်းဆောင် နှစ်ယောက်လည်း ထွက်ခွာသွားတာကြောင့် အသင်းရဲ့ အုပ်ချုပ်မှုအပိုင်းကိုပါ နောက်ကွယ်ကနေ ဖြည်းဖြည်းချင်း ပြောင်းလဲမှုစတင်နေပြီဆိုတာ သိသာပါတယ်။ အခုလည်း အပြောင်းအရွှေ့ခေါင်းဆောင် ဒါရိုက်တာမတ်ဂျက်ဂျ်ကပါ ရာထူးကနေ နှုတ်ထွက်သွားပြီဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ 

အဆိုပါအပြောင်းအရွှေ့ ဒါရိုက်တာဟာ ၂၀၁၄ မှာ ဒီရာထူးကို ရရှိခဲ့တာဖြစ်ပြီး အမှုဆောင်အရာရှိချုပ်ဟောင်း အက်ဒ်ဝုဒ်ဝါ့ဒ်ရာထူးက နှုတ်မထွက်မီ အချိန်ထိတိုင်အောင် အနီးကပ်အလုပ်တွဲလုပ်ခဲ့သူဖြစ်ပါတယ်။ ဂျက်ဂျ်ဟာ ယူနိုက်တက်ရဲ့ ကစားသမားခေါ်ယူမှု ညှိနှိုင်းရေးနဲ့ စာချုပ်ကိစ္စဆွေးနွေးမှုတွေကို ဦးဆောင်သူဖြစ်ပြီး အခုချိန်မှာ အသင်းကနေ ထွက်ခွာသွားပြီဖြစ်တာကြောင့် လာမယ့်အပြောင်းအရွှေ့တွေမှာ သူ့ကိုမြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ 

ရာထူးရယူခါစက အသင်းအတွက် ဦးစားပေးဆောင်ရွက်သွားပါ့မယ်လို့ ပြောခဲ့တဲ့မတ်ဂျက်ဂျ်ဟာ သူတာဝန်ယူခဲ့တဲ့ အချိန်ကာလအတွင်း အသင်းဟာ ပြိုင်ဘက်မန်ချက်စတာစီးတီး၊ လီဗာပူးတို့နဲ့ သိသိသာသာ အလှမ်းကွာဝေးသွားခဲ့ပါတယ်။ အခုဆိုရင် ယူနိုက်တက်ရဲ့ ပထမဆုံးအားကစားဒါရိုက်တာဖြစ်လာတဲ့ ဂျွန်မားတော့ဂျ်က နည်းစနစ်ပိုင်းဒါရိုက်တာ ဒါရင်းဖလက်ချာနဲ့အတူ အပြောင်းအရွှေ့ ကိစ္စအ၀၀ကို တာဝန်ယူသွားမှာဖြစ်ပါတယ်။ 

လက်ရှိမိုနာကိုအသင်းရဲ့ အားကစားဒါရိုက်တာ ပေါလ်မစ်ချယ်ကို ခေါ်ယူဖို့လည်း ဆွေးနွေးမှုတွေရှိနေပြီး အဆိုပါအားကစားဒါရိုက်တာကတော့ ရန်နစ်နဲ့အတူ လိုက်ပ်ဇစ်အသင်းကို တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ယူနိုက်တက်ဟာ သူတို့ရဲ့ကင်းထောက်လုပ်ငန်းစဉ်နဲ့ ကစားသမားသစ် ခေါ်ယူမှုတွေရဲ့ ညံ့ဖျင်းမှုကြောင့် နာမည်ကျော်ကြယ်ပွင့်အတော်များများကိုလည်း လက်လွှတ်ခဲ့ရဖူးပါတယ်။ အခုဆိုရင် ယူနိုက်တက်အမှုဆောင်ချုပ် ရာထူးသက်တမ်းတစ်လျှောက် ဝေဖန်မှုတွေနဲ့ချည့် ဆက်တိုက်ရင်ခဲ့ရတဲ့ အက်ဒ်ဝုဒ်ဝါ့ဒ်ထွက်ခွာသွားပြီးကတည်း အိုးလ်ထရက်ဖို့ဒ်ကလပ်ရဲ့ တည်ဆောက်ပုံကအစ အလုံးစုံပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ 

ဒါပေမယ့် မတ်ဂျက်ဂျ်ဟာ တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရာမှာလည်း ပါဝင်ဆွေးနွေးခဲ့သူဖြစ်ပြီး အခုလိုအပြောင်းအလဲ ကာလအတွင်းမှာ အသင်းရဲ့အဓိကရာထူးကြီးပိုင်းက လူတစ်ယောက်ထွက်ခွာတာက ကောင်းမွန်မှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ဘုတ်အဖွဲ့အတွင်းမှာ ထွက်ပေါ်လျက်ရှိပါတယ်။ လာမယ့်နွေအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ဂျက်ဆီလင်ဂတ်၊ အက်ဒီဆင်ကာဗာနီ၊ ပေါလ်ပေါ့ဂ်ဘာ၊ နီမန်ဂျာမာနစ်နဲ့ ဂျူအန်မာတာတို့အားလုံး ထွက်ခွာကြမှာဖြစ်လို့ တော်တော်လေးအလုပ်ရှုပ်မယ့် အပြောင်းအရွှေ့ကာလဖြစ်လာတော့မှာပါ။ 

#မန်ချက်စတာယူနိုက်တက် #ရန်နစ် #တန်ဟတ်