ရှေ့သို့
Image

ဘာစီလိုနာက အခြေအနေအပေါ် ဇာဗီနဲ့ ယှဉ်လို့ မကောင်းပါဘူးလို့ ဆိုလိုက်တဲ့ ရော်နယ်ကိုးမန်း

2:03 PM, 30 April

ပြီးခဲ့တဲ့ အောက်တိုဘာလက ဘာစီလိုနာအသင်းဟာ ဗယ်လီကာနိုအသင်းကို ၁ -၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ရော်နယ်ကိုးမန်းကို ဘာစီလိုနာနည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပါတယ်။

ကိုးမန်း ဘာစီလိုနာအသင်းက ထုတ်ပယ်ခံရချိန်တုန်းက ဘာစီလိုနာအသင်းဟာ အဆင့်ကိုးမှာ ရပ်တည်နေပြီး ကိုးမန်းကတော့ လက်ရှိဘာစီလိုနာ အသင်းဟာ သူကိုင်တွယ်ခဲ့စဉ်ကထက် အမှတ်တွေ ပိုစုဆောင်းထားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ကိုးမန်းရဲ့ ပရဟိတ ရန်ပုံငွေ ဂေါက်ရိုက်ပြိုင်ပွဲမှာ ကိုးမန်းက"ဘာစီလိုနာအသင်းက သေချာပေါက် တိုးတက်လာပါတယ်။ သူတို့ဟာ တိုက်စစ်ကစားသမားသုံးယောက် ဒါမှမဟုတ် ရှေ့တန်းမှာ ကောင်းကောင်းကစားနိုင်တဲ့ ကစားသမား သုံးယောက်ကို ခေါ်ယူနိုင်ခဲ့ပါတယ်""ကျွန်တော်ဘာစီလိုနာက ထွက်တုန်းက အဆင့်၁ နဲ့ ရှစ်မှတ်လောက်ပဲ ကွာပါတယ်။ အခုတော့ နှစ်ဆလောက်ကွာသွားပါတယ်။ နှိုင်းယှဉ်လို့တော့မကောင်းဘူးပေါ့။ ဇာဗီလည်းပဲ ကျွန်တော့်လိုပဲ ရှုပ်‌ ထွေးတဲ့ အခြေအနေတွေ ကြုံရပါတယ်။ လိမ်ညာနေစရာမလိုပါဘူး။ နောက်ဆုံးအိမ်ကွင်းရှုံးနိမ့်တာက တစ်ခုခုပါပဲ"

"ဒါဟာ ယခုလက်ရှိ ဘာစီလိုနာ ဖြစ်နေတဲ့ အခြေအနေပါ။ အရင်အခြေအနေပြန်လည်ရောက်ရှိဖို့က အချိန်တစ်ခုလိုအပ်ပါတယ်။ ဒါကြောင့်မို့ စိတ်ကို တည်ငြိမ်စွာထားဖို့ လိုပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေ မရတာကိုလဲ စဉ်းစားဖို့မလိုပါဘူး။ ကျွန်တော်တို့ ရေရှည်ကိုတွေးတောရပါမယ်။ နည်းပြကို ယုံကြည်ပြီး အားပေးရမယ်"လို့ကိုးမန်းက ဆိုပါတယ်။

ကိုးမန်းဟာ သူရဲ့ ဘာစီလိုနာနည်းပြသက်တမ်းမှာကြုံတွေ့ရတာတွေနဲ့ပတ်သက်လို့
"ကျွန်တော်တို့ ဖြစ်ပျက်ခဲ့ရတာတွေကို စာအုပ်တောင်ရေးလို့ရပါတယ်။ ကိုဗစ်ပြဿနာ ၊ အသင်းမှာ ဥက္ကဌမရှိတာ ၊ တချို့မေးခွန်းတွေဆို ဖြေရခက်ပါတယ်။ ကျွန်တော်တို့ ခေါ်ချင်တဲ့ ကစားသမားတွေ ခေါ်ခွင့်မရခဲ့တာ မက်ဆီကို အသင်းကဆုံးရှုံးလိုက်ရတာ ၊ဂရေ့စ်မန်းကို အပြောင်းအရွေ့နောက်ဆုံးရက်မှာ ထွက်ခွာခွင့်ပေးလိုက်ရတာတွေပေါ့""ဒီဂျောင်နဲ့ပတ်သက်ပြီးလဲ ကျွန်တော် အများကြီး ဝေဖန်ခံရပါတယ်။ ဒါပေမယ့်ကျွန်တော့အတွက်တော့ သူဟာ သူ့တာဝန်ကို ကျေပွန်ပေးတဲ့ ကစားသမားတစ်ယောက်ပါပဲ။ ကံကောင်းစွာပဲ သူဟာ ဘာစီလိုနာအတွက် ငါးမှတ် ခြောက်မှတ်လောက်ရအောင် ကစားပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်နည်းပြဘဝအနေနဲ့ ကျဆုံးတယ်လို့ မခံစားရပါဘူး"

"ကျွန်တော် ဥက္ကဌ (လာပေါ်တာ) ရဲ့ ထောက်ခံမှုကို မရခဲ့ပေမယ့် ဇာဗီကတော့ ရမယ်မျှော်လင့်ပါတယ်။ အခု ဘာစီလိုနာရဲ့ အခြေအနေက ကျွန်တော့်တုန်းကနဲ့ အတူတူပါပဲ။ ဒါကြောင့်မို့လို့နည်းပြအပြောင်းအလဲ လုပ်လိုက်တာက အသင်းကို တိုးတက်စေမယ်လို့ အာမမခံနိုင်ပါဘူး""ကျွန်တော့်အနေနဲ့ ဘာဝေဖန်မှုမှ မပြုလုပ်လိုပါဘူး။ လက်ရှိနည်းပြဇာဗီကို အားပေးဖို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နည်းပြတစ်ယောက်ထဲက ပြဿနာတွေရဲ့ အရင်းခံမဟုတ်ပါဘူး။ ကျွန်တော်ဆို ဥက္ကဌရဲ့ထောက်ခံမှုမရခဲ့
ပါဘူး။ သူ့အနေနဲ့ ဇာဗီကို အားပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အသင်းမှာကြုံခဲ့ရတဲ့ အခြေအနေတွေက ကျွန်တော့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့်မို့ ဇာဗီကို အားပေးဖို့ တောင်းဆိုနေရတာပါ။ အရမ်းကောင်းတဲ့ နည်းပြတစ်ယောက်ပါ။ ဒီအသင်းက ထွက်ခဲ့တဲ့ ကစားသမားအနေနဲ့ ဝေဖန်ခံရနိုင်တဲ့ အခြေအနေနည်းပါးနိုင်ပါတယ်"လို့ကိုးမန်းက ဆိုပါတယ်။

ဇာဗီအနေနဲ့ ဘာစီလိုနာကို ကိုင်တွယ်ပြီးနောက် အသင်းဟာ လာလီဂါမှာ အဆင့် ကိုးမှ အဆင့်နှစ်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ကိုးမန်းကတော့ လက်ရှိ မည်သည့်အသင်းကိုမှ နည်းပြမနေပဲ နယ်သာလန်အသင်း ကမ္ဘာ့ဖလားပြီးလျှင်ရာထူးမှ ထွက်ခွာမယ့် ဗန်ဂါးရာထူးကိုဆက်ခံဖို့ စောင့်နေပါတယ်။

"ကျွန်တော်အခု နယ်သာလန်အသင်းအတွက် ပဲစဉ်စားဖို့ရှိပါတယ်။ လာမယ့် ဇန်နဝါရီအထိ အေးအေးဆေးဆေး အနားယူသွားပါမယ်"လို့ ကိုးမန်းက ဆိုခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #ရော်နယ်ကိုးမန်း