ရှေ့သို့
Image

ယူနိုက်တက် အနေနဲ့ စူပါစတားတွေမဟုတ်ပဲ လူငယ်ကစားသမားတွေကိုသာ အာရုံစိုက်သင့်တယ်လို့ ရန်နစ် တိုက်တွန်း

11:53 AM, 30 April

ယူနိုက်တက်နည်းပြ ရန်နစ်က အနာဂတ်မှာ အသင်းအနေနဲ့ စတားနာမည်တွေထက် လူငယ်ကစားသမားတွေကို အာရုံစိုက်ဖို့ကို တိုက်တွန်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ အခုအပတ်သောကြာနေ့တုန်းက ရန်နစ်ဟာ သြစတြီးယားနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၄ အထိ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အသက်  ၆၃ နှစ်သားဟာ လူသစ်စုဆောင်းရေးအတွက် အကြံပေးခဲ့သလို သူ့ရဲ့အမြင်ကိုလည်း ပြောကြားခဲ့ကာ လူငယ်ကစားသမားတွေကိုသာ အာရုံစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ယူနိုက်တက်က ယခင်က ဒီမာရီယာ ၊ ဆန်းချက်ဇ် ၊ လူကာကူ နဲ့ ပေါ့ဂ်ဘာတို့ကို ဈေးကြီးပေးဝယ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်အမြင်အရတော့ အသင်းအနေနဲ့ အနာဂတ်မှာ ထိပ်တန်းကစားသမားလေးတွေကို ရှာဖွေသင့်ပါတယ်။ ပြီးတော့ သူတို့ကို တိုးတက်လာအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ အင်္ဂလန်မှာရှိတဲ့ အခြားထိပ်တန်းအသင်းတွေကို ကြည့်လိုက်ချိန်မှာ သူတို့အတိတ်မှာ ဘယ်လိုကစားသမားတွေကိုခေါ်ယူခဲ့သလဲဆိုတာကို မြင်ရပါလိမ့်မယ်။ အသင်း တစ်သင်းကို မြင်လွယ်စေပါတယ်။ ပြီးတော့ အသင်းက ကစားသမားအသစ်တွေလိုအပ်ပါတယ်။ တစ်ချို့ကစားသမားတွေက စာချုပ်သက်တမ်း မရှိတော့တာ တစ်ချို့က ပွဲကစားချိန်ပိုလိုချင်တာ တစ်ချို့က အငှားထွက်ပြီးသားတွေဖြစ်နေပါလိမ့်မယ်။ အသင်းက ကစားသမားအနည်းငယ်လောက်သာ လိုအပ်ပါတယ်။ စိတ်ဓာတ်ပိုင်း ၊ အရည်အချင်း ၊ ရုပ်ပိုင်းဆိုင်ရာ နဲ့ ကျွမ်းကျင်မှုလိုအပ်ပါတယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ကို ယှဉ်နိုင်ဖွယ်မရှိတဲ့နောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့များနေပါတယ်။ ရန်နစ်က ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ် မဝင်ခဲ့ရင်တောင် ကစားသမားတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် မန်စီးတီး ၊ လီဗာပူး နဲ့ ချဲလ်ဆီးတို့ စိတ်ဝင်စားရင်တော့ ရုန်းကန်ရနိုင်တယ်ဆိုတာကို လက်ခံခဲ့ပါတယ်။

“အသင်းပရိသတ်၊ ကွင်း နဲ့ လေ့ကျင့်ရေးကွင်းအနေအထားအရ ယူနိုက်တက်က ကစားသမားတွေကို ဆွဲဆောင်နိုင်ဦးမှာ သေချာပါတယ်။ ဒါပေမယ့် မန်စီးတီး ၊ ချဲလ်ဆီး နဲ့ လီဗာပူးတို့ ပါဝင်လာရင်တော့ ခက်ခဲနိုင်ပါတယ်။ တစ်စုံတစ်ယောက်က  ကစားသမားတွေကို ရှင်းပြဖို့ လိုအပ်ပါတယ်။ တန်ဟက်က အဲ့တာကြောင့် အရေးကြီးတာပါ။ ကျွန်တော် ကလော့ပ်နဲ့ တူချယ်တို့ကို သိပါတယ်။ သူတို့က ကစားသမားလိုချင်ပြီဆိုရင် ကိုယ်တိုင်စည်းရုံးတာပါ။ ပြီးတော့ အသင်းနဲ့အံဝင်နိုင်လား မဝင်နိုင်ဘူးလားဆိုတာကို စစ်ဆေးပါတယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ရန်နစ်ဟာ ယူနိုက်တက်ယာယီနည်းပြအဖြစ် ၃ ပွဲကိုင်တွယ်ဖို့ ကျန်ရှိနေကာ တနလာင်္နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ချဲလ်ဆီးကို ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲအား အာသီးရောင်ရောဂါကြောင့် လွဲချော်ခဲ့တဲ့ ဆန်ချိုကတော့ လက်ကျန်ရာသီကို နားရဖွယ်ရှိနေပါတယ်။

“ဆန်ချိုက ရာသီကုန်အထိ နားရတော့မှာပါ။ ပြီးခဲ့တဲ့ပွဲအပြီးမှာ သူ ၃ ပတ်လောက်နားရပါမာ်။ သူ့အာသီးရောင်တဲ့အခြေအနေက တော်တော်ဆိုးနေပါတယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်