ရှေ့သို့
Image

စီရော်နယ်ဒိုက နည်းပြသစ်လက်အောက်မှာ အဓိက ကစားသမားအဖြစ် ဆက်ရှိနိုင်ဟု ရန်းနစ်ပြော

4:25 PM, 29 April

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရန်းနစ်က အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုသည် နည်းပြသစ် တန်ဟက်လက်ထက်တွင်လည်း အဓိက ကစားသမားအဖြစ် ဆက်လက်ခြေစွမ်းပြသနိုင်ကြောင်း ရန်းနစ်ခ်က ထုတ်ပြောလာသည်။ ရန်းနစ်ခ်သည် ယခုရာသီကုန်တွင် ယူနိုက်တက်ယာယီနည်းပြအဖြစ်မှ နုတ်ထွက်မည်ဖြစ်ပြီး ယင်းနေရာတွင် လက်ရှိ အေဂျက်စ်နည်းပြ တန်ဟက်က တာဝန်ယူသွားမည်ဖြစ်သည်။

အသင်း၏ လတ်တလောခြေစွမ်းနိမ့်ကျမှုများက ရန်းနစ်ရဲ့ ယာယီနည်းပြနောက်ဆုံးနေ့ရက်များကို အလျှော့မပေးတိုက်ခိုက်နေဆဲဖြစ်သလို ကလပ်အဝတ်လဲခန်းအတွင်း အသင်းသားများအကြား စည်းလုံးမှုပြိုကွဲနေကြောင်း သတင်းများက ရေးသားဖော်ပြကြသည်။ သို့သော်လည်း လာမည့်ရာသီ ယူနိုက်တက်နည်းပြသစ်အဖြစ်တာဝန်ယူမည့် တန်ဟက်အတွက် ရန်းနစ် စီရော်နယ်ဒို၏ ခြေစွမ်းအပေါ် အာမခံပေးခဲ့သည်။

အိုထရက်ဖို့ဒ်ကွင်း၌ ချဲလ်ဆီးနှင့် တစ်ဂိုးစီသရေကျခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အသက် ၆၃ နှစ်အရွယ် နည်းပြက “ ကျွန်တော်အနေနဲ့ ဒီနေ့ ချဲလ်ဆီးနဲ့ပွဲမှာ သွင်းဂိုးအတွက်သာမက သူရဲ့စွမ်းဆောင်ရည်၊ စိတ်နေစိတ်ထားနဲ့ အသင်းကို မကြာခဏအကူအညီပေးခဲ့တာတွေကိုပါ ပြောတာပါ။ အသက် ၃၇ နှစ်အရွယ်မှာ ဒီလိုစွမ်းဆောင်နိုင်ဖို့ဆိုတာ သာမန်မဟုတ်ဘူး။ ဒီနေ့မှာလည်း သူ ဒါကိုထပ်ပြသခဲ့တယ်။ ဒီနေ့လိုပဲ စီရော်နယ်ဒို ဆက်ကစားနေမယ်ဆိုရင် အသင်းအတွက် ကြီးမားတဲ့ အကူအညီအဖြစ် သူ ဆက်ရှိနေဦးမှာပါ”ဟု ပြောသည်။

နည်းပြသစ်တန်ဟက်လက်အောက် စီရော်နယ်ဒို၏ အနာဂတ်အပေါ် မေးခွန်းထုတ်လာချိန်မှာတော့ ရန်းနစ်ခ်က “အဆုံးမှာတော့ ဒါက စီရော်နယ်ဒိုနဲ့ တန်ဟက်တို့ပဲ ဆုံးဖြတ်ရမှာပါ။ သူတို့ဘာဆက်လုပ်မလဲဆိုတာကိုပေါ့။ ဒါကြောင့် ဒီအကြောင်းအရာက ကျွန်တော်ပြောပိုင်ခွင့်မရှိဘူးလို့ ယူဆတယ်။ ကျွန်တော်ပြောနိုင်တာတစ်ခု ကတော့ ဒီနေ့ စီရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ကြီးကျယ်ခမ်းနားလှတယ်ဆိုတာပါပဲ” ဟု ဆက်လက်ပြောကြားသည်။

စီရော်နယ်ဒို၏ အသင်းဖော်ဟောင်း၊ ဘောလုံးဝေဖန်သုံးသပ်သူ ရွိင်ကိန်းကမူ “ မင်းရဲ့အသင်းမှာ ဒီလိုဂိုးပမာဏမျိုးသွင်းယူနိုင်တဲ့ ကစားသမားတစ်ဦးရှိနေမယ်ဆိုရင်လည်း အသင်းမှာ တခြားသူတွေ ဆက်ပါဝင်နေမှာပဲ။ အခုစီရော်နယ်ဒိုက ပွဲတိုင်းကစားချင်နေလိမ့်မယ်၊ ဒါက ပြဿနာပဲ။ နည်းပြသစ်ရောက်လာချိန်မှာ နည်းပြသစ်အနေနဲ့ တခြားတိုက်စစ်မှူးတွေကိုလည်း ကြည့်ရမှာပဲ။ ရော်နယ်ဒိုက သီတင်းပတ်တိုင်း မကစားရဘဲ အချိန်ဖြုန်းချင်မှာ မဟုတ်ဘူး။ သူက ပွဲတိုင်းကစားချင်နေမယ်ဆိုရင်တော့ နည်းပြသစ်အတွက် ပြဿနာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက ပွဲကစားခွင့်ရချင်နေတယ်ဆိုပေမယ့် တချို့ပွဲတွေမှာ အလှည့်ကျသုံးဖို့ သေချာသလောက်နီးပါးရှိပါတယ်”ဟု ဆိုသည်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်းနစ်