ရှေ့သို့
Image

ရူဒီဂါကို ချဲလ်ဆီးထံကနေ ဝယ်ယူမယ့် ယူနိုက်တက်အား ခနဲ့လိုက်တဲ့ ရွိုင်ကိန်း

4:23 PM, 29 April

အဆိုပါဂျာမန်ကစားသမားဟာ ဒီရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်တာနဲ့ ချဲလ်ဆီးကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ တူချယ်က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ၂၉ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးမှာ တူချယ်အောင်မြင်မှုရဲ့ အဓိကကစားသမားဖြစ်ပြီး ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ သူ့ကို စာချုပ်ချုပ်ဆိုချင်တဲ့အသင်းတွေလည်း မရှားလှပါဘူး။ အဆိုပါနောက်ခံကစားသမားကို ရရှိနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်က ချဉ်းကပ်ဖို့ရှိနေပြီး ယူနိုက်တက်ကတော့ အဆိုပါကစားသမားကိုရဖို့ ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။

ကိန်းကတော့ ရီးရဲလ်နဲ့ ယှဉ်လုမယ့် ယူနိုက်တက်ဟာ အဆိုပါကစားသမားကို ရနိုင်ခြေနည်းတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ရူဒီဂါကို ဆုံးရှုံးလိုက်ရတာ ဘယ်လောက်ဆိုးရွားကြောင်းကို ကိန်းက “တော်တော်ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ တော်တော်ကြီးမားတယ်။ သူက ကွင်းထဲမှာ ခြေစွမ်းပြနေတဲ့ ကစားသမားပါ။

သူက တကယ်ကောင်းတဲ့ ကစားသမားပါ။ သူက တကယ်ကောင်းတဲ့သူ။ တကယ်တကယ်ကောင်းတဲ့ကစားသမားပါ။ သူ အဝတ်လဲခန်းကနေ ထရိန်း‌နင်းဆင်းတဲ့အထိ ဘယ်လောက်ကောင်းလဲ ကျွန်တော်သိတယ်။ ဒီတော့ သူ့ကို လက်လွှတ်လိုက်ရတာက သူတို့အတွက်တကယ်ဆုံးရှုံးမှုကြီးပါ။ သူက ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြနေခဲ့ပေမဲ့ သူ့စာချုပ်က ပြည့်သွားတာ။

သူ့အတွက် ပို‌ကောင်းတဲ့စာချုပ် ချုပ်ဖို့ အခြေအနေရသွားတာပေါ့လေ။ ချဲလ်ဆီးရဲ့ ပိတ်ဆို့ခံရမှုအခြေအနေတွေနဲ့ အခုကတော့ အဆင်မပြေပါဘူး။ ဒါပေမဲ့သူက တကယ်ကောင်းတဲ့ ကစားသမားပါ။ သူ့ကိုတော့ လုံးဝသံသယမရှိပါဘူး။ သူ ဒီရာသီကို ကြံ့ခိုင်မှုအပြည့်နဲ့အ‌ကောင်းဆုံး ဖြတ်ကျော်ပါလိ့မ်မယ်။ သူက အဲလို ကစားသမား‌မျိုးပါ” လို့ ဆိုပါတယ်။

ယူနိုက်တက်က ရူဒီဂါကိုရဖို့ ချဉ်းကပ်ခဲ့တာနဲ့ပက်သက်ပြီး ဘယ်လိုခံစားရလဲမေးတဲ့အခါ ကိန်းက “သူတို့တွေ သူ့ကိုရဖို့ ချဉ်းကပ်ခဲ့ကြလိမ့်မယ်။ သူတို့ သေချာပေါက် ချဉ်းကပ်ကြလိမ့်မယ်။ ဒါပေမဲ့ ကစားသမားကတွေးလိမ့်မယ်။ မဖြစ်သေးပါဘူး။ ငါဖလားတွေ ရချင်သေးတယ်ဆိုပြီးတော့ပေါ့”လို့ ယူနိုက်တက်ကို လှောင်ပြောင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရူဒီဂါ #ချဲလ်ဆီး #ရွိုင်ကိန်း